Tuesday, August 20, 2013

ကျေးလက်ဒေသ လျှပ်စစ်မီးနှင့် ရေရရှိရေး လုပ်ဆောင်နိုင်ရန် JICA က အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကူညီမည်


ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အခြေခံ အဆောက်အအုံများ ဖြစ်သော လျှပ်စစ်မီးနှင့် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ဂျပန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကူညီမှု ပြုလုပ်ထားပါတယ်။ ကော်ပိုရေးရှင်း အနေနဲ့ သန်း ၄၅၀ ကို ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ် ဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးပြုထားပါတယ်။ ကော်ပိုရေးရှင်း အနေနဲ့ တစ်နှစ်ပတ်လုံး ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်နေပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကို အစိုးရရဲ့ လမ်းညွှန်မှုများ နောက်ကနေပြီးတော့ ကျေးလက်ဒေသ ရေရရှိရေးနဲ့ လျှပ်စစ်မီး ရရှိရေးကို လုပ်ဆောင်နေပါတယ်။ အခြေခံ အဆောက်အအုံ တွေထဲမှာ ရေရရှိမှုနဲ့ လျှပ်စစ်မီး ရရှိရေးဟာ ပိုမိုလိုအပ်ပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ JICA ကိုယ်စားလှယ်ချုပ် တာနာကာမာဆာဟီကိုက ပြောကြားသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်တွင်းလူမှု အဖွဲ့အစည်းများ အနေဖြင့်လည်း မြန်မာနိုင်ငံရှိ ရေရရှိရန် ခက်ခဲသည့် ဒေသများတွင် ရေရရှိရေး လုပ်ငန်းများကို နိုင်ငံတကာ အလှူရှင်များ အကူအညီဖြင့် လုပ်ဆောင်လျက်ရှိသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍနှင့် ပတ်သက်၍ ''ဒေသတွင်း အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းတွေက များစွာအရေး ပါပါတယ်။ ဗဟိုချုပ်ကိုင် စနစ်တွေကိုလည်း လျှော့ချဖို့ကလည်း အရေးပါပါတယ်။ ကျွန်တော်တို့တွေ လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ ၀န်ကြီးဌာနတွေ အနေနဲ့ ဆက်လက်ပြီး ပိုမို ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားလိုပါတယ်'' ဟု ၎င်းက ဆိုသည်။
နိုင်ငံတော် အစိုးရအနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပြီး ထိုဒေသများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူမှုအဖွဲ့အစည်း များနှင့်လည်း ဆွေးနွေးအကြံ ရယူမှုများကို သြဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့သည်။
Eleven Media Group







0 comments:

Post a Comment