Friday, August 9, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး ပြည်သူ့ညီလာခံတစ်ရပ် ကျင်းပနိုင်ရေးနှင့် သြဂုတ် ၈ ရက်အား မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်နိုင်ရေးတို့ကို အထက်မြန်မာပြည် ကိုယ်စားပြု သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့

8.8.1
သြဂုတ် ၈ ရက် နံနက်ပိုင်းက မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား၌ သ၀ဏ်လွှာ ဖတ်ကြားနေစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား နောက်ဆုံး ရက် တွင် အထက်မြန်မာ ပြည်ကိုယ်စားပြု သဘောထား ကြေညာချက်များ ထုတ်ပြန်ခဲ့ရာ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေ ဖျက်သိမ်းပြီး အသစ်ပြန်လည် ရေးဆွဲရေး၊ ပြည်သူ့ညီလာခံတစ်ရပ် ကျင်းပနိုင်ရေးနှင့် သြဂုတ် ၈ ရက်အား မြန်မာ့ဒီမိုကရေစီနေ့ အဖြစ်သတ်မှတ်နိုင်ရေးတို့ကို ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုပွဲတွင် တက်ရောက်လာကြသည့် နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေး နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် အထက်မြန်မာပြည် ကိုယ်စား သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းသဘောထား ကြေညာချက်များမှာ (၁) စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ အရေးတော်ပုံ တစ်လျှောက် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဂုဏ်ပြုသောအားဖြင့် ရှစ်လေးလုံး စတင်ရာ သြဂုတ် ၈ ရက်အား ''မြန်မာနိုင်ငံ ဒီမိုကရေစီနေ့'' အဖြစ် သတ်မှတ်ရန်၊ (၂) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး အာမခံချက်ရှိသော ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရန်၊ (၃) ဒီမိုကရေစီအရေး ငြိမ်းချမ်းရေးနှင့် အမျိုးသား ညီညွတ်ရေး တည်းဟူသော ရှစ်လေးလုံး အရေးတော်ပုံကြီး၏ နိုင်ငံရေး ပြဌာန်း ချက် များ ပြည့်မြောက် အောင်မြင် သည်အထိ ရှစ်လေးလုံးစိတ်ဓာတ်နှင့် ၀ိညာဉ်ကို ဆက်လက် သယ်ဆောင်ရန်တို့ ဖြစ်သည်။
ထို့ပြင် ပြည်သူ့ညီလာခံ ခေါ်ယူကျင်းပနိုင်ရေး အတွက်ပါ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ရာ (၁) မြန်မာနိုင်ငံတွင် ယနေ့ရင်ဆိုင်နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်နှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်နိုင်ရန်၊ ပြည်သူ့ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန် လိုအပ်ပါသည်။ (၂)ပြည် သူ့ညီလာခံတွင် လက်ရှိအစိုးရနှင့် တပ်မတော် ကိုယ်စားလှယ်များ အပါအ၀င် ပြည်တွင်း၊ ပြည်ပရှိ အင်အားစု အသီးသီးပါဝင်ပြီး တန်းတူရည်တူ တွေ့ဆုံဆွေးနွေး ကြရမည် ဖြစ်ပါသည်။ (၃) ပြည်သူ့ညီလာခံကြီးကို အမြန်ဆုံးနှင့် အချောမွေ့ဆုံး ကျင်းပနိုင်ရေးအတွက် လက်ရှိအစိုးရနှင့် တပ်မတော် ကိုယ်စားလှယ်များ အပါအ၀င် ဒီမိုကရေစီ အင်အားစုအားလုံး၊ တိုင်းရင်းသား အင်အားစုအားလုံး၏ ညီညွတ်မှုနှင့် တက်ကြွမှုမှာ အထူးလိုအပ်ပါသည်။ (၄) ထိုသို့ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ညီလာခံ ပြင်ဆင်ရေး လုပ်ငန်းစဉ် တစ်ရပ်ကို အမြန်ဆုံး ချမှတ်ဆောင်ရွက်နိုင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ ပါဝင်ဦးဆောင်မှုနှင့်အတူ ဆက်လက် ဆောင်ရွက် သွားကြရန် ဤအထက်ဗမာပြည် ရှစ်လေးလုံး လူထုဒီမိုကရေစီ ငွေရတု အခမ်းအနားမှ တညီ တညွတ်တည်း သဘောထား ချမှတ်ကြကြောင်း သိရသည်။

EMG

0 comments:

Post a Comment