Monday, February 24, 2014

အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူ တပ်မတော်သားကို အရပ်ဘက် တရားရုံးဖြင့်ပါ အရေးယူပေးရန် တောင်းဆို

ရ်ာဘာခြံအလုပ်သမား အမျိုးသမီးတစ်ဦးကို တပ်မတော်သားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်အား ထုတ်သည့် မွန်ပြည်နယ်၌ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သူကို စစ်ဘက်ဆိုင်ရာ ဥပဒေဖြင့် သာမက အရပ်ဘက် တရားစီရင်ရေးဖြင့်ပါ အရေးယူပေးရန် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဖေဖော်ဝါရီ ၂၃ ရက်တွင် တောင်းဆိုလိုက်သည်။

သံဖြူဇရပ်မြို့ ရွာသာယာရွာမှ အမျိုးသမီးတစ်ဦးကို အမှတ်(၃၁၅) အမြောက်တပ်မှ တပ်မတော်သား တစ်ဦးက အဓမ္မပြုကျင့်ရန် အကြမ်းဖက်လုပ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ မြို့မကျောင်းတိုက် ဓမ္မာရုံတွင် ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံခြားမှာဆိုရင် စစ်သားတစ်ယောက် အရပ်ဘက်မှာ ပြစ်မှုကျူးလွန်ရင် စစ်ဥပဒေနဲ့သာမက အရပ် ဘက်ဥပဒေနဲ့ပါ အရေးယူခံရတာပါ။ ဒါကြောင့် ဒီအမှုကို ပွင့်ပွင့်လင်းလင်း လုပ်ပေးပါ။ မီဒီယာကနေချပြ ပေးပါ၊ ဒီအမှုတွင်မကဘူး၊ တခြား တပ်မတော်က ကျူးလွန်တဲ့ အမှုတွေကိုလည်း ပွင့်လင်းမြင်သာစွာချပြ ပေးစေလိုပါတယ်”ဟု အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ဒေါ်မယ်စုစုဆွေက ပြောသည်။

အဆိုပါ အဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်မှုမှာ ဇန်န၀ါရီ ၂၅ ရက် ည ၂ နာရီက မွန်ပြည်နယ် သံဖြူဇ ရပ်မြို့နယ်ရှိ ရော်ဘာခြံတစ်ခုတွင်ဖြစ်ပွားခဲ့ပြီး ရော်ဘာစေးခြစ် အလုပ်သမဖြစ်သူ အသက် ၄၃ နှစ်ရှိ မမိ ချိုကို ရော်ဘာခြံအနီးရှိ အမှတ်(၃၁၅) အမြောက်တပ်မှ ဒု-တပ်ကြပ်ရဲလင်းထွန်းက အဓမ္မပြုကျင့်ရန် အ ကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းအမှုတွင် ကာယကံရှင်က ပြန်လည် လုံးထွေးသတ်ပုတ်ခဲ့သဖြင့် အဓမ္မပြုကျင့်မှု အထမမြောက်ခဲ့ သော်လည်း သတ်ပုတ်စဉ်ရရှိသည့် ဒဏ်ရာများကြောင့် မော်လမြိုင်ဆေးရုံသို့ တင်ပို့ကုသခဲ့ရပြီး ခေါင်း တွင်း သွေးခြေဥဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးသို့ပင် လွှဲပြောင်း၍ အတွင်းလူနာအဖြစ် ကုသခဲ့ရ သည်။

အဆိုပါအမှုကို သံဖြူဇရပ်ရဲစခန်းက (ပ)၂၄/၂၀၁၄ဖြင့် အမှုဖွင့်ပြီး အဓမ္မပြုကျင့်ရန် ကြံစည်မှုနှင့် နာကျင် စေမှုပုဒ်မများဖြစ်သည့် ၃၇၆/၅၁၁/၃၂၃ တို့ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီးနောက် စစ်တပ်ကသာ တပ်ဥပဒေ အရ အရေးယူလိုသဖြင့် ဖေဖော်ဝါရီ ၅ ရက်တွင် အမှုတွဲကို စစ်တပ်ဘက်သို့ လွှဲပြောင်းပေးအပ်လိုက် သည်ဟု အမှုစစ် ဒု-ရဲအုပ်ညွန့်ဝင်းက မဇ္ဈိမကို ပြောဆိုထားသည်။

သတင်းစာရှင်းလင်းပွဲကို ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်နော် အုန်းလှက “ဒီအမှုကိုပြန်လေ့လာပြီး အရပ်ဘက်တရားစီရင်ရေးဖြင့်ပါ အရေးယူဖို့ လုပ်ဆောင်ပေးသွားပါ မယ်။ ကာယကံရှင်ကိုယ်တိုင်ကလည်း ဆန္ဒရှိနေပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ကာယကံရှင်အမျိုးသမီးမှာ ဆေးရုံမှဆင်းခဲ့ပြီဖြစ်သော်လည်း လက်မှဒဏ်ရာအတွက် ကြည့် မြင်တိုင်မြို့နယ်ရှိ အရိုးအကြောဆေးရုံတွင် ဆက်လက် ကုသမှုခံယူရဦးမည်ဟု ကူညီဆောင်ရွက်ပေးနေ သည့် မွန်ပြည်သစ်ပါတီမှ ဒီမိုကရေစီရေးရာနှင့် လူငယ်ရေးရာတာဝန်ခံဖြစ်သူ မမိကျဲကျဲညီက ပြော သည်။

ထို့ပြင် ကာယကံရှင်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့သည့်အတွက် အချိန်ယူ၍ ဆက်လက် ကုသရဦး မည်ဟု ဆိုသည်။

“ကျွန်မဝေဒနာတွေ အမြန်ဆုံးပျောက်ချင်တယ်။ ဒီကိစ္စကိုလည်း ဘယ်လိုမှ မကျေနပ်နိုင်ဘူး”ဟု ကာယ ကံရှင်ဖြစ်သူက မဇ္ဈိမကို ပြောထားသည်။

တပ်မတော်တွင် လူမျိုးပေါင်းစုံ၊ စရိုက်ပေါင်းစုံရှိသည့်အတွက် ယင်းသို့သောဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိ သော်လည်း ပြစ်မှုကျူးလွန်သူကိုမူ တပ်မတော်က လုံးဝသက်ညှာခြင်းမရှိဘဲ စစ်စည်းကမ်း၊ စစ်ဥပဒေ များဖြင့် အတိအကျ အရေးယူလေ့ရှိသည်ဟု တပ်မတော်တွင် ဗျူဟာမှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောသည်။

“ဒီလိုကိစ္စတွေဟာ တပ်မတော်အတွက်ပါ ဂုဏ်သိက္ခာကျဆင်းစေပါတယ်။ ပြစ်မှုကျူးလွန်သူကို ထိထိ ရောက်ရောက် အရေးယူသလို တခြားတပ်မတော်သားတွေကိုလည်း ထိထိရောက်ရောက် အသိပညာ ပေးဖို့ လိုနေတာပါ”ဟု ဆိုသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမှ ၂၀၁၃ ခုနှစ်ထိ ပဋိပက္ခဒေသများအတွင်း တပ်မတော်သားများ က ကျူးလွန်သည့် လိင်အကြမ်းဖက်မှု ၁၀၀ တွင် ကချင်တွင် အမျိုးသမီး ၅၉ ဦး၊ ရှမ်းပြည်နယ်တွင် ၃၅ ဦးနှင့် ကရင်ပြည်နယ်တွင် ကိုးဦးအထိ ရှိခဲ့သည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ) က ၂၀၁၄ ဇန်န၀ါရီ ၁၄ ရက်တွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားသည်။

Mizzima

0 comments:

Post a Comment