နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သြဂုတ် ၁၉ ရက်က ကျင်းပသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေး ဘ၀မြှင့်တင်ရေး အခမ်းအနားတွင် အမှာစကား ပြောကြားနေစဉ်
လယ်ယာမှတ်ပုံတင် လုပ်ပေးခြင်းဟာ အိမ်ဂရန် လုပ်ပေးသလို ပိုင်ဆိုင်ခွင့် လုပ်ပေးခြင်းဖြစ်၍ သားစဉ်မြေးဆက် အမွေလွှဲပြောင်းပေးလို့ ရသွားပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
''ယခုဆိုရင် နေပြည်တော် ရှစ်မြို့နယ် အားလုံး လယ်ယာမှတ်ပုံတင်ကိစ္စ ပြီးသွားပြီ ဖြစ်ပါတယ်။ မှတ်ပုံတင် လုပ်ပေးခြင်းဟာ အိမ်ဂရန် လုပ်ပေးသလို ပိုင်ဆိုင်ခွင့် လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပေါင်နှံလို့ ရသွားပြီ ဖြစ်ပါတယ်။ သားစဉ်မြေးဆက် အမွေဆက် လွှဲပြောင်းပေးလို့ ရသွားပြီ ဖြစ်ပါတယ်။ ဘဏ်မှာပေါင်နှံပြီး ငွေချေးလို့ ရပါပြီ။ ဒါကြောင့် အမတော်ကြေးအစား ဘဏ်များမှ တစ်ဆင့် စိုက်စရိတ်/မွေးမြူစရိတ်များ လုံလောက်အောင် ချေးငှားယူတဲ့ စနစ်နဲ့ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်'' ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
လူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ ခန့်ဟာ ကျေးလက်မှာ နေထိုင်ကြပြီး ဆင်းရဲနွမ်းပါးမှု အများဆုံး ဖြစ်ပါကြောင်း၊ နိုင်ငံမှာ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး ကျေးရွာတွေ ဖွံ့ဖြိုးတိုးတက် ဖို့အတွက် လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ တော်ဖို့ကောင်းဖို့ အရေးကြီးကြောင်း၊ ရာထူးဆိုတာ အာဏာပြဖို့ မဟုတ်ဘဲ အဖွဲ့အစည်း တစ်ခု တိုးတက်လာအောင် ဦးဆောင်မှု ပေးဖို့အတွက် ပေးအပ်ထားတာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်မှ ဆက်လက် ပြောကြားခဲ့သည်။
Eleven Media Group
0 comments:
Post a Comment