Friday, August 2, 2013

နိုင်ငံသား အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးရာတွင် နိုင်ငံရေးနှင့် ဘာသာရေး နှစ်ဌာနစပ်ကြား စည်းတားပေးရ ပေလိမ့်မည် ဟူသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းအား သမ္မတကိုးကား ပြောကြား

8.1.9
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ခေါင်းဆောင်များ ဇူလိုင် ၂၁   ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
နိုင်ငံသား အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးရာတွင် နိုင်ငံရေးနှင့် ဘာသာရေး နှစ်ဌာနစပ်ကြား စည်းတားပေးရ ပေလိမ့်မည် ဟူသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုးကားပြီး သြဂုတ် ၁ ရက်က ပြည်သူများသို့ ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ ဇူလိုင် ၁၄ ရက်မှ ၂၀ ရက်အထိ သွားရောက်ခဲ့သည့် ဗြိတိန်နှင့် ပြင်သစ်ခရီးစဉ် အတွင်း၌ နိုင်ငံရေး စီးပွားရေး ကိစ္စရပ်များ ဆွေးနွေးခဲ့မှုများ၊ ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က ပြည်သူများအား ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။
အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် ဇူလိုင်လအတွင်းက နှစ်ကြိမ်တွေ့ဆုံပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး၊ ပဋိပက္ခကာကွယ် တားဆီးရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါ တွေ့ဆုံမှုတွင် လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများလည်း ပါဝင်ဆွေးနွေး ခဲ့သည်ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''အကြောင်း တိုက်ဆိုင်တဲ့ အတွက် ဒီနေရာမှာ ကျွန်တော့် အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းကို ကိုးကားပြီး ပြောကြားလိုပါတယ်။ အဲ့ဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်က လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဟာ နိုင်ငံသား အခွင့်အရေးတွေထဲက တစ်ခုဖြစ်တယ် ဆိုတာ မြွက်ကြားခဲ့တဲ့အပြင် ဘာသာတရားက သစ္စာ၊ မေတ္တာနဲ့ သမ္မာအာဇီဝ၊ သမ္မာကမ္မန္တတို့ကို ဓမ္မအနေနဲ့ ဟောကြားပြီး လူမှုမှာလည်း ဒီဓမ္မတွေကို လေးစားကြောင်း၊ လူမှုတိုးတက်ရေးနဲ့ ဘာသာရေးတို့ ဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်သဘော မဆောင်ကြောင်း၊ ဒါပေမယ့် ဘာသာတရားရဲ့ နာမကို အလွဲသုံးစားလုပ်ပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို အကြောင်းပြုပြီး မတရားတဲ့ အမှုတွေကို ပြုရင်တော့ လူ့အဖွဲ့အစည်းက အဲဒီမတရားမှုကို လျစ်လျူရှုနိုင်မှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားခဲ့ပါတယ်'' ဟု ရေဒီယိုမိန့်ခွန်းတွင် ပြောကြားသည်။
''လူအများကို နစ်နာစေမယ့် တရားဓမ္မ ဖြစ်လေဟန် ဟောပြောမှုတွေ၊ လုပ်ဆောင်မှုတွေကိုလည်း တားမြစ်သွားရမယ်လို့ အဲဒီမိန့်ခွန်းမှာ ထင်ထင်ရှားရှားကြီး ဖော်ပြခဲ့ပါတယ်။ အဲသလိုပဲ လွတ်လပ်စွာ ဘာသာကိုးကွယ် နိုင်မှုဆိုတဲ့ အခွင့်အရေးကို ပေးတဲ့နေရာမှာတော့ နိုင်ငံရေးနဲ့ ကိုးကွယ်သည့် ဘာသာရေး နှစ်ဌာနစပ်ကြား စည်းတားရပေ လိမ့်မည်လို့ ဆိုခဲ့ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို ဆန့်ကျင်ရာ ရောက်ပေ၏ လို့ဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းဟာ ဒီကနေ့ ကျွန်တော်တို့နိုင်ငံ အခြေအနေမှာ များစွာ စဉ်းစားစရာ၊ များစွာသင်ခန်းစာယူစရာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံ မိန့်ခွန်းကို ကိုးကားပြီး ပြောကြားသည်။
ဇူလိုင်လသည် မြန်မာ့နိုင်ငံရေး သမိုင်းမှာ ခက်ခဲကြမ်းတမ်းသည့် အချိန်ကာလတစ်ရပ် ဖြစ်ခဲ့ကြောင်း၊ ၀မ်းနည်းစရာများ၊ သံဝေဂရစရာများ ရှိသကဲ့သို့ တိုင်းပြည်၏ အနာဂတ်အတွက် သမိုင်းသင်ခန်းစာ ယူစရာများ အပြည့်ရှိနေကြောင်း၊ နိုင်ငံရေး အကျပ်အတည်းများအား အကြမ်းဖက်သည့် နည်းလမ်းနှင့် ဖြေရှင်းရန် ကြိုးပမ်းမှုများ ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်အတွက် ထိခိုက်နစ်နာ ခဲ့ရသည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
''မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဒီမိုကရေစီ အလေ့အထရဲ့ အဓိက စံတန်ဖိုးတွေဖြစ်တဲ့ မတူညီတဲ့ အယူ အဆတွေကို ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်၊ ဆွေးနွေးငြင်းခုံ ခွင့်တွေကို လက်မခံနိုင်တဲ့သူများ အစွန်းရောက် နိုင်ငံရေးသမားများရဲ့ အန္တရာယ်ဟာ တိုင်းပြည်အတွက် ဘယ်လောက်တောင် ဆိုးကျိုးကြီးမားနိုင်တယ် ဆိုတာကို အမြဲသတိ ပေးနေတာလည်း ဖြစ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

တိုင်းပြည်လွတ်လပ်ရေးရအောင် ဆောင်ကြဉ်း ပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ ကျဆုံးခဲ့သည့် ဇူလိုင် ၁၉ ရက်သည် မြန်မာ့သမိုင်းတွင် မမေ့ထိုက်သော နေ့တစ်နေ့ဖြစ်ပြီး ဗိုလ်ချုပ်နှင့် အာဇာနည်ကြီးများ၊ ကျဆုံးလေပြီးသော ခေါင်းဆောင်များ၏ ကျေးဇူးတရားများကို အမြဲအမှတ် ရနေရမည့် နေ့ရက်တစ်ရက် ဖြစ်သည်ဟုလည်း ဦးသိန်းစိန်က ပြောကြားသည်။

EMG

0 comments:

Post a Comment