Friday, August 2, 2013

မိုးလယ်ကာလ မိုးများ၍ မြန်မာနိုင်ငံ ဒေသများ၌ ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ကြုံတွေ့နေရ

8.1.21

ကရင်ပြည်နယ် အတွင်းရှိ ဒေါနတောင် ပြိုကျမှုကြောင့် မော်တော်ယာဉ်များ သွားလာ၍ မရဘဲ ဆိုင်ကယ် များဖြင့်သာ သွားလာ နေကြသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- ကိုရွှေသိန်း)
လက်ရှိမိုးလယ် ကာလအတွင်း မိုးရွာသွန်းမှု ကောင်းမွန်လျက် ရှိသည့်အတွက် မြစ်ချောင်းများ ရေကြီးရေ လျှံမှုကို နယ်ဒေသများတွင် ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေး အန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင် နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလတို့ ဖြစ်သည်။
မိုးလယ်ကာလ ဇူလိုင်လကုန်ပိုင်း၌ မိုးကောင်းခြင်းကြောင့် မြစ်ရေ၊ ချောင်းရေ မြင့် တက်ခြင်း၊ ရေ ကြီးခြင်းကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်း ဒေသကြီး စသည့် ဒေသတို့တွင် ကြုံတွေ့လာရသည်ဟု သိရသည်။
ကရင်ပြည်နယ် မြ၀တီမြို့တွင် သောင်ရင်းမြစ်ရေ တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းမှာ နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း၊ ၁၉၉၄၊ ၂၀၀၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ် များက ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ဖူး သော်လည်း ယခုနှစ်ကဲ့သို့ မဆိုးရွားကြောင်း ဒေသခံများက ဆိုပါ သည်။
''ဘုရင့်နောင် လမ်းမကြီးပေါ်မှာဆိုရင် ရဲစခန်းရှေ့ကနေ ချစ်ကြည်ရေး တံတားအထိ လူတစ်ရပ် နီးပါးလောက် ရှိခဲ့တယ်။ တစ်ထပ်အိမ်နဲ့ နှစ်ထပ်အိမ်က လူတွေကိုတော့ လှေတွေနဲ့ သွားကယ်ပြီး ကယ်ဆယ်ရေး စခန်းတွေကို ပို့ထားပါတယ်'' ဟု မြ၀တီမြို့ခံတစ်ဦးက ပြောကြားသည်။
ရေဘေးသင့်သူများကို ကုန်းမြင့်နေရာများတွင်ရှိသည့် တောရကျောင်း၊ ဒဟတ်တောကျောင်း ၊ ဟေမာန် ဦးကျောင်း၊ တောင်တန်းကျောင်း၊ မိကျောင်းကုန်းကျောင်း၊ ဖားခြောက်ကောင်ကျောင်း၊ ပြည်တော်ဝင် ဓမ္မရိပ်သာ၊ ဓိဋ္ဌာန်အောင်ဓမ္မာရုံ၊ ကျောက်လုံးကြီး ဓမ္မရိပ်သာ စသည့်နေရာများတွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်နေကြောင်း ဇူလိုင် ၃၁ ရက်က ရရှိသော စာရင်းများအရ သိရသည်။
ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ လှိုင်းဘွဲ စသည့် ဒေသများတွင်လည်း ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်နေ ပြီး မြ၀တီမြို့မှ သင်္ဃန်းညီနောင်သို့ သွားသည့် လမ်းကို ပိတ်ထားခဲ့ကြောင်း၊ ဒေါနတောင်ပေါ် လမ်း၌ လည်း သုံးနေရာခန့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကော့ကရိတ်အထွက် တံတား၌လည်း ရေကျော်၍ ခရီးစဉ် များ ရပ်နားထားခဲ့ကြောင်း သိရသည်။
တနသာင်္ရီတိုင်း ဒေသကြီး အတွင်းရှိ ဒေသ အနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် အဝေးပြေး လမ်းများပေါ်တွင် ရေများကျော်တက်ခဲ့ပြီး ဆက်သွယ်မှု ပြတ်တောက်ခဲ့ကာ ထားဝယ်မြို့ အနီးတစ်ဝိုက်တွင်လည်း အနိမ့်ပိုင်း ရပ်ကွက် များသို့ ရေ များ ၀င်ရောက်လျက်ရှိကြောင်း သိရသည်။ တနသာင်္ရီတိုင်း ဒေသကြီး၏ အဓိက အဝေးပြေး လမ်းမကြီးဖြစ်သည့် ရန်ကုန်-မြိတ် ပြည်ထောင်စု လမ်းပေါ်ရှိ နေရာအချို့တွင် လမ်းမပေါ် ၌ ရေကျော် လျက် ရှိသည်ဟုလည်း သိရသည်။
8.1.22
ထားဝယ်မြို့ ပေါက်ကိုင်းချောင်း တံတားအနီးတွင် ရေကြီး၍ ကားများနစ်မြုပ် နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ သြဂုတ် ၁ ရက် မြစ်ရေ အခြေအနေ ထုတ်ပြန်ချက်တွင် သံလွင်မြစ်နှင့် င၀န်မြစ်တို့၌ စိုးရိမ်ရေမှတ် ကျော်လွန်နေဆဲဖြစ်ပြီး သံလွင်မြစ်တွင် ဘားအံမြို့၏ စိုးရိမ်ရေမှတ် ဖြစ်သော ၇၅၀ စင်တီမီတာကို ကျော်လွန်၍ ၈၇၇ စင်တီ မီတာသို့ ရောက်ရှိနေကာ နောက် ၄၈ နာရီ အတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်သည်ဟု သိရသည်။
ဘားအံမြို့တွင် ရေဘေး ကယ်ဆယ်ရေး စခန်း ၁၂ ခု ဖွင့်လှစ်ထားရှိပြီး ဇူလိုင် ၃၀ ရက် ညနေ ၅ နာရီအထိ စာရင်းဇယားအရ ကယ်ဆယ်ရေး စခန်းများတွင် ရေဘေးဒုက္ခသည် ဦးရေပေါင်း အိမ်ထောင်စုဝင် ၁၁၄၀ စုနှင့် လူဦးရေ ကျား၊ မ၊ ကလေး ၅၉၂၂ ဦးအထိ ရှိနေသည်။
''ဇူလိုင် ၃၀ ရက်ညပိုင်းမှာ ရေအတက် ရပ်တန့်ပြီး မိုးကတော့ အဆက်မပြတ် ရွာနေတယ်။ ကယ်ဆယ်ရေး စခန်းတိုင်းမှာ ရေဘေးသင့်သူတွေ လာနေတုန်းပဲ'' ဟု ရေဘေးကယ်ဆယ်ရေး စခန်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဘားအံမြို့ပေါ် မြေနိမ့်ရပ်ကွက် များဖြစ်သည့် အမှတ် ၁ ၊ ၂ ၊ ၃ ၊ ၄၊ ၆၊ ၇ ရပ်ကွက် များတွင် မြစ်ရေ လွှမ်းမှု အပြင်းထန်ဆုံး ခံစားရခြင်း ဖြစ်သည်။
သံလွင်မြစ်ကဲ့သို့ပင် စိုးရိမ်ရေမှတ် ကျော်လွန်မှုအတွက် ထုတ်ပြန်ထားရသည့် မြစ်မှာ င၀န်မြစ်ဖြစ်ပြီး ငါးသိုင်းချောင်းမြို့တွင် သြဂုတ် ၁ ရက်၌ ၁၁၉၁ စင်တီမီတာသို့ ရောက်ရှိနေသည်။ ငါးသိုင်းချောင်းမြို့၏ စိုးရိမ်ရေမှတ်သည် ၁၁၃၀ စင်တီမီတာဖြစ်ပြီး နောက် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်မည်ဟု ထုတ်ပြန်ထားသည်။ င၀န်မြစ်ရေ စိုးရိမ်ရေမှတ် အထက် ကျော် လွန်ရောက်ရှိနေသည့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း လေးမျက်နှာရှိ င၀န်ရေကာတာ (ထိန်ငူတာ) တွင်ဇူလိုင် ၂၉ ရက်က တာအိ တာလျောခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ် ဘီးလင်းမြို့တွင်လည်း မိုးဆက်တိုက် ရွာသွန်းမှုနှင့် တောင်ရေ လိမ့်ဆင်းမှု များကြောင့် ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့သည်။
ဘီးလင်းမြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက် နှင့် ဘီးလင်းမြစ်ကမ်း နံဘေးမှာ ရှိကြသော ကျေးရွာပေါင်း ၂၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း၊ ဘီးလင်းမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်း ၁၈ ခုတွင် အိမ်ခြေ ၄၇၆ ခုမှ ရေဘေးသင့်ပြည်သူ ၂၀၀၀ ကျော် ခိုလှုံနေထိုင်လျက် ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် တာချီလိတ်မြို့တွင်လည်း ဇူလိုင်လ ကုန်ပိုင်းက မယ်ဆိုင်ချောင်းရေ မြင့် တက်လာ မှုကြောင့် ချောင်းအနီးရှိ ဈေးဆိုင်များ၊ အိမ်များ၊ ရုံးများ၊ ကျောင်းများ ရေနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရသည်။
''ဇူလိုင် ၃၁ ရက်အထိ မိုးကောင်းခဲ့တယ်။ ၂၄ နာရီအတွင်း မိုးရေချိန် တစ်လက်မခွဲနဲ့ အထက် ကျော်အောင် ရွာခဲ့တဲ့ နေရာတွေများတယ်။ ရေကြီးနိုင်တဲ့ နေရာတွေလည်း ပိုတိုးလာတယ်။ အခုလောလောဆယ် မုတ်သုံလေကလည်း အားကောင်းနေတယ်။ မြန်မာနိုင်ငံမှာ မိုးပိုလာခဲ့မယ်ဆိုရင် လက်ရှိကြုံနေရတဲ့ ရေဘေးကပိုပြီး ကျယ်ပြန့်လာနိုင်တယ်။ ကြိုတင်ပြင်ဆင်မှုတွေ ရှိထားဖို့ လိုအပ် ပါတယ်''ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။
EMG 

0 comments:

Post a Comment