Wednesday, August 28, 2013

မုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အခြေအနေ မရှိသော်လည်း မိုးကြီးမှု ဆက်လက် ကြုံတွေ့မည်

လက်ရှိမုတ်သုံလေ အားကောင်းပြီး  မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် နေရာအတော် များများတွင် ရေလွှမ်းမိုးခြင်း များ ဖြစ်ပေါ် နေသော်လည်း မြန်မာနိုင်ငံ၏ မြို့ကြီးတော်တော်များ များတွင် မုန်တိုင်း ဖြစ်ပေါ်နိုင်သည့် အခြေအနေ မရှိဘဲ မုတ်သုံလေအား ကောင်းနေ ရာမှ ဆက်လက်၍ အလွန်အားကောင်း လာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်း ရရှိသည်။

မုတ်သုံလေ အားကောင်းပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြန်မာနိုင်ငံရှိ နေရာအတော် များများတွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့ တွင်းရှိ ဒလ၊ လှိုင်သာယာနှင့် မြောက်ဥက္ကလာပ အစရှိသော နေရာများတွင်ပါ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထား ရသည်။

''အခုလက်ရှိမှာ မုတ်သုံလေအား ကောင်းနေတယ်။ ယမန်နေ့ ၁၂ နာရီ တိုင်းတာချက်များ အရ မုတ်သုံလေ အားကောင်းနေရာ ကနေ ဆက်လက်ပြီး အလွန်အားကောင်း လာနိုင်ပါ တယ်။ ဒါပေမဲ့  မုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတော့ လုံးဝ မရှိပါဘူး'' ဟု မိုးလေ ဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားခဲ့သည်။

နှစ်စဉ်ဇူလိုင်နှင့် သြဂုတ်လများတွင် မုတ်သုံလေ အားအလွန် ကောင်း တတ်ကြောင်း၊ ယခုနှစ် တွင်လည်း မုတ်သုံလေ ဆက်တိုက် အားကောင်းနေကြောင်း၊ မုတ်သုံလေ အားကောင်း၍ လေဖိအား နည်း ရပ်ဝန်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မြစ်ဝကျွန်းပေါ် ဒေသများတွင်  မုတ်သုံလေ အားကောင်းပါက နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

''လွန်ခဲ့တဲ့ ၁ဝ ရက်က တောင်တရုတ် ပင်လယ်မှာ မုန်တိုင်းတွေ ဆက် တိုက် ဖြစ်ပေါ်ခဲ့တယ်။ အဲဒီမုန်တိုင်း က ဗီယက်နမ် ကမ်းခြေကိုဖြတ်ပြီး မြန် မာနိုင်ငံဘက်ကို ဝင်လာတယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ အထက် ပိုင်း၊ မြစ်ဝ ကျွန်းပေါ် ဒေသတွေမှာ မုတ်သုံလေ အားကောင်းပြီး  မိုးတွေဆက်တိုက် များ နေတယ်။ ဘင်္ဂလား ပင်လယ်အော်နဲ့ ရခိုင်ကမ်းရိုးတန်း ဒေသတွေမှာ မုတ်သုံလေ ဆက်လက်ပြီး အားကောင်း နိုင်တယ်။ မြစ်ဝကျွန်းပေါ်နှင့် ကပ္ပလီ ပင်လယ်ပြင်မှာ    မုတ်သုံလေ  အားကောင်းလို့  မြန်မာ့ ကမ်းရိုးတန်း ဒေသတွေမှာ တစ်နာရီ လေတိုက်နှုန်း ၃၅ မိုင်ကနေ  မိုင် ၄ဝ အထိရှိပြီး လှိုင်းကြီး နိုင်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်မြို့တွင်းရှိ ကမ်းနားလမ်း၊ ဗိုလ်တထောင် ဆိပ် ကမ်း နှင့်ကီလီ ဆိပ်ကမ်း တို့တွင် လမ်းမများပေါ် အထိ ရေနစ်မြုပ်ခြင်းနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင် ဦးကျော်လွင်ဦးက ''ဒါက မုတ်သုံလေ အားကောင်းပြီး မိုးကြီးလို့၊ ရေကြီးတာလို့လည်း တပ်အပ် မပြောနိုင်ဘူး။ လပြည့်၊ လကွယ် ရက်တွေကြောင့် ရေတက် တာတွေလည်း ရှိပါတယ်။ ပြည်သူတွေကို ပြောချင်တာက ကျွန်တော်တို့လည်း  မိုးလေဝသနဲ့  ပတ်သက်ပြီး ဘင်္ဂလား ပင်လယ်အော်ကို စောင့်ကြည့် နေ တယ်။

အချိန်နဲ့ တစ်ပြေးညီ ဖြစ်ပေါ်လာတာတွေကို  ကြေညာ သွားမှာပါ'' ဟု အသိပေး ပြောကြား ခဲ့သည်။

ထက်နေ
မြ၀တီ

0 comments:

Post a Comment