Monday, August 19, 2013

ရန်ကုန်မြေဈေးကြီး၍ ပြည်ပလုပ်ငန်းရှင်များ မြေရှင်နှင့် အကျိုးတူ ဆောင်ရွက်သောပုံစံပြောင်း


“ရန်ကုန်မှာ မြေကလည်း ရှားလာပြီ။ ရှိနေတဲ့ မြေကလည်း ဈေးကခေါင် ခိုက်နေပြီ။ ဒါကြောင့် ခုမြေရှင်တွေကို နိုင်ငံခြားသားတွေလိုက်ရှာနေကြတယ်။ သူတို့နဲ့ အကျိုးတူပူးပေါင်းတဲ့သဘောပေါ့”ဟု ကယ်ဗင်ချိုင်းအေးဂျင့် ကုမ္ပဏီမှ အထွေထွေမန်နေဂျာက ပြောသည်။

ပြည်ပလုပ်ငန်းရှင်အချို့ကလည်း မြေရှင်နှင့်တိုက်ရိုက်ညှိနှိုင်း၍ အဆောက် အအုံများတည်ဆောက်၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘော တူညီမှုအချို့ပင်ရရှိနေပြီဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကပြောသည်။

“တချို့ နိုင်ငံခြားသားတွေက အကျိုးဆောင်တောင်မသုံးတော့ဘူး။ တိုက်ရိုက်မြေရှင်နဲ့ညှိပြီး ဆောက်လိုက်တာများတယ်” ဟု အထက်ပါ အကျိုးဆောင်က ဆိုသည်။

ထို့အတူ ယခုနှစ်တွင် ရန်ကုန်မြို့၏ အချက်အချာကျသော တပ်မတော်ပိုင် မြေနေရာအချို့ကိုလည်း ထိပ်သီးကုမ္ပဏီကြီးများက နှစ်ရှည်ငှားရမ်း လုပ်ကိုင်ရန်ရရှိထားပြီး ယင်းနေရာများကို ရှော့ပင်းမောလ်၊ ဟိုတယ်၊ ကွန်ဒိုစီမံကိန်းများ ဆောက်လုပ်ရန်အတွက် ပြည်ပကုမ္ပဏီများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ ပြင်သစ် အစရှိသောနိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုအချို့လည်း ရရှိထားပြီးဖြစ်သည်။ လက်ရှိတွင် မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မရမ်းကုန်းမြို့နယ်တို့ရှိ အချက်အချာကျသော မြေနေရာကျယ် အချို့တွင် မြေရှင်နှင့်လုပ်ငန်းရှင်တို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် လာရောက်ဆွေးနွေးမှုအချို့ ရှိနေပြီဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင် တစ်နှစ်ထက်တစ်နှစ် မြေဈေးကြီးမြင့်နေမှုမှာ အိမ်ခြံမြေဈေး ကွက်အတွင်း ဈေးကစားလိုသူ၊ ငွေဖြူလိုအပ်သူများနှင့် နိုင်ငံသားအမည်ခံကာ နိုင်ငံခြားသားများမှ တန်ကြေးထက် ပိုမိုပေးပြီး ၀ယ်ယူနေကြခြင်းဖြစ်သဖြင့် အိမ်ခြံမြေဈေးကွက်မှာ မြင့်တက်မှုအရှိန်မြင့်မားလာပြီး ထိန်းချုပ်ရန်လည်း ပိုမိုခက်ခဲလာကြောင်း လမ်းမတော်မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင် ကိုဇော်နိုင်ကပြောသည်။ယင်းကဲ့သို့ မြေဈေးကြီးမြင့်မှုများကြောင့် နိုင်ငံခြား သား လုပ်ငန်းရှင်များမှ အရှုပ်အရှင်းကင်းသော မြေရှင်များနှင့် တိုက်ရိုက် ချိတ်ဆက်၍ အကျိုးတူပူးပေါင်း လုပ်ကိုင်လာခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal








0 comments:

Post a Comment