
မြန်မာနိုင်ငံတွင် မကူးစက်တတ်သည့် ရောဂါများနှင့်ပတ်သက်၍ စနစ်တကျ စစ်တမ်းကောက်ယူ ထားမှု များ မရှိခဲ့သော်လည်း ယခုနှစ် အောက်တိုဘာမှစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ် တမ်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကောက်ယူရာတွင် တောင်တန်းဒေသ၊ အပူပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ကမ်းရိုး တန်း ဒေသဟူ၍ အပိုင်းလေးပိုင်းခွဲကာ ယင်းဒေသများရှိ ဒေသခံ ပြည်သူ များ၏ နေထိုင် စားသောက်မှု ပုံစံများကို မေးခွန်းများ မေးမြန်း၍ သော်လည်းကောင်း၊ ကျန်းမာရေးသုံး စက် ကိရိယာများ အသုံးပြု ၍ သော်လည်းကောင်း စစ်တမ်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်တမ်းကောက်ယူမှုများကို အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုအဖွဲ့၊ ကမ္ဘာ့ဆီးချို သွေးချိုအဖွဲ့နှင့် ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ဆီးချိုသွေးချို ကာကွယ်ရေး စီမံချက်တို့ ပူးပေါင်း၍ လူဦးရေ တစ်သောင်း ၀န်းကျင်ခန့်အား စစ်တမ်းကောက်ယူမည် ဖြစ်သည်။
''စစ်တမ်းကောက်တဲ့ အခါမှာ မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ ဆီးချိုသွေးချို ၊ နှလုံးသွေးကြောကျဉ်း ၊ လေဖြတ်၊ သွေးတိုးကင်ဆာတွေ ပါတယ်။ နာတာရှည် အသက်ရှူ လမ်းကြောင်း ပိတ်ဆို့တဲ့ ရောဂါတွေ ကို ဘာကြောင့်ဖြစ်ရလဲ ဆိုတာကို ကျေးလက်တွေထိ ကွင်းဆင်း ကောက်ခံသွားမှာ ဖြစ်ပါတယ်။ အဲဒီလိုကောက်ခံတဲ့ အခါမှာလည်း နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ကောက်ယူသွားမယ်။ ဒီလို မကူး စက်တတ်တဲ့ ရောဂါဖြစ်နှုန်းတွေ ဘယ်လောက်ရှိနေလဲ ဆိုတာကို စာရင်းအတိအကျ ရနိုင်ဖို့  အတွက် ကောက်ယူသွားမှာပါ။ အဲဒီလို ကောက်ယူတာတွေကတော့ ခြောက်လလောက်ကြာမယ်'' ဟု မကွေးဆေးတက္ကသိုလ် (ဆေးပညာဌာန) မှ တွဲဖက်ပါမောက္ခ ဒေါက်တာကိုကိုက ပြောကြားသည်။
ယခင်က မြန်မာနိုင်ငံတွင် ကူးစက်တတ်သည့် ရောဂါကြောင့် လူသေဆုံးမှုသည် ရာခိုင်နှုန်း ၇၀ ခန့်ရှိပြီး ကူးစက်ခြင်းမရှိသည့် ရောဂါကြောင့် သေဆုံးမှုသည် ရာခိုင်နှုန်း ၃၀ ခန့်သာ ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပွားမှု အချိုးမှာ ၅၀း၅၀ ဖြစ်နေကြောင်း ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် မြို့ကြီးပြကြီး ဆေးရုံအဆင့်များတွင် သာမက မြို့နယ်တိုက်နယ် ဆေးရုံများတွင်လည်း မကူးစက်တတ်သည့် ရောဂါများကြောင့် ပြသသည့် လူနာများမှာ ပိုမိုများပြားနေကြောင်း၊ မကူး စက်တတ်သည့် ရောဂါများအနက် အဖြစ်အများဆုံး ရောဂါများမှာ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်သည့် အရိုးအကြောအဆစ်၊ ဆီးချိုသွေးချို၊ ကင်ဆာဆိုင်ရာ ရောဂါများ၊ အ၀လွန်ခြင်း၊ လေဖြတ်ခြင်း၊ သွေးတွင်း အဆီများခြင်း၊ မျိုးပွားဟော်မုန်းနှင့် ပတ်သက်သည့် ရောဂါများ စသည်တို့ ပါဝင်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ၂၀၁၁ ခုနှစ် အတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မကူးစက် တတ် သည့် ရောဂါများကြောင့် လူတစ်သိန်းတွင် တစ်ထောင်ကျော် သေဆုံးနေကြောင်း သိရသည်။
Eleven Media Group
ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းမှ ဝေဒနာရှင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
0 comments:
Post a Comment