အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့်
AEC အလုပ်ရုံ ဆွေးနွေးပွဲများကို စက်တင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင်
မန္တလေးမြို့နှင့် မြင်းခြံမြို့တို့၌ ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သည့်
PT & MM Events Ads Co., Ltd. ထံမှ သိရသည်။
AEC အလုပ်ရုံ ဆွေးနွေးပွဲကို မန္တလေးမြို့တွင် စက်တင်ဘာလ ၇ ရက်နေ့၌ ဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး မြင်းခြံမြို့တွင်မူ မန္တလေးတိုင်းဒေသကြီး အစိုးရ တောင်းဆိုချက်အရ ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း အဆိုပါ ပွဲများကို အဓိက ပံ့ပိုးနေသော ပါရမီ စွမ်းအင် ကုမ္ပဏီများ အုပ်စုမှ အကြီးတန်း အကြံပေး ဦးတင်ချိုက ပြောကြား သည်။
“၂၀၁၅ ရောက်ဖို့က တစ်နှစ်ကျော် လိုသေးတယ် ဆိုပေမယ့် ကြိုပြင်ရမယ့် အပိုင်းတွေ ရှိနေသေး တယ်။ ဒီဆွေးနွေးပွဲတွေကနေ ပုဂ္ဂလိကနဲ့ အစိုးရပိုင်း က ပူးပေါင်းပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာ အဖြေရှာရမယ်။ အခုပွဲတွေက စီးပွားရေး လုပ်ငန်းတွေကနေတစ်ဆင့် ပြည်သူတွေ သိအောင် လုပ်ပေးတာ ပါ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အာဆီယံ ဒေသတွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံ လေးနိုင်ငံဖြစ်သော ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့တွင် ဗီယက်နမ်နိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများမှာ အဆင်သင့် မဖြစ်ကြသေးကြောင်း ပါရမီ စွမ်းအင် ကုမ္ပဏီများ အုပ်စုမှ အကြီးတန်း အကြံပေး ဒေါ်တင်တင်ထွေးက ပြောကြား သည်။
PT & MM Events Ads Co., Ltd. သည် ပြည်တွင်းရှိ အစိုးရ၊ စီးပွားရေး လုပ်ငန်းများနှင့် ပြည်သူများ အာဆီယံ စီးပွားရေး အသိုက်အဝန်းအတွက် ကြိုတင် ပြင်ဆင်နိုင်စေရန် ရည်ရွယ်၍ AEC ဆွေးနွေးပွဲ များကို ရန်ကုန် တွင် လေးကြိမ်၊ မန္တလေး၊ မော်လမြိုင်နှင့် ဘားအံမြို့တို့တွင် တစ်ကြိမ်စီ ကျင်းပခဲ့ပြီး ဖြစ် သည်။
The Voice Weekly
0 comments:
Post a Comment