Monday, July 1, 2013

အီရန်နိုင်ငံ၏ တရားစွဲဆို ထားမှုကို ရှောင်လွှဲရန် S-300 ဒုံးကျည်များ အစား အခြား လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ပေးအပ်ရန် ရုရှားနိုင်ငံ ကမ်းလှမ်း

 




ရုရှားနိုင်ငံသည် အီရန်နိုင်ငံနှင့် သဘောတူ စာချုပ် ချုပ်ဆိုထားသော S-300 ဒုံးကျည်များ ပေးအပ်ရန် ပျက်ကွက်မှုကြောင့် အီရန်နိုင်ငံသို့

အမေရိကန် ဒေါ်လာ ၄ ဘီလျံ လျော်ကြေး ပေးဆောင်စေရန် အီရန်နိုင်ငံက ရုရှားနိုင်ငံအား တရားစွဲဆိုခဲ့မှု အပေါ် ရုရှားနိုင်ငံက အီရန် နိုင်ငံသို့ S-300 ဒုံးကျည်များ အစား အခြား လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ပေးအပ်ရန် ကမ်းလှမ်းခဲ့ကြောင်း ဇွန် ၂၂ ရက်ထုတ် Komm-ersant နေ့စဉ် သတင်းစာတွင် ဖော်ပြ ထားသည်။

ထိုသို့ ကမ်းလှမ်းသည့် အထဲတွင် Antei-2500၊ aka S-300VM သို့မဟုတ် SA-23 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ပါဝင်ကြောင်း ရုရှားနိုင်ငံ လက်နက် ရောင်းဝယ်ရေး ဌာနမှ အမည် မဖော်လိုသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ လေကြောင်း ရန်ဒုံးကျည် ကာကွယ်ရေး စနစ်သည် အကွာအဝေး ၂ဝဝ ကီလိုမီတာ အတွင်းရှိ တိုက်လေ ယာဉ် ၂၄ စင်းအား တစ်ပြိုင်နက် ဖျက်ဆီးနိုင်ခြင်း သို့မဟုတ် တိုက်ချင်း ပစ်ဒုံးကျည် ၁၆ စင်းအား ကြားဖြတ်ပစ် ခတ်နိုင်စွမ်း ရှိသည်။ ထိုကဲ့သို့ ရုရှားနိုင်ငံ၏ ကမ်းလှမ်းမှု သည် ဇူလိုင် ၁ ရက်တွင် ရုရှားနိုင်ငံသို့ အလည်အပတ် ခရီး သွားရောက်မည့် အီရန် သမ္မတ မာမွတ် အာမက်ဒီနီဂျက်၏ ခရီးစဉ်တွင် တရားဝင် ဖြစ်နိုင်ကြောင်း အမည် မဖော်လိုသူ အီရန် သံတမန် တစ်ဦးက ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် အမေရိကန် ဒေါ်လာ သန်း ၄ဝဝ တန်ဖိုးရှိ S-300 ဒုံးကျည် ငါးစင်းဝယ် ယူရန် အတွက် ရုရှားနိုင်ငံနှင့် သဘောတူ စာချုပ်အား ၂ဝဝ၇ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ သို့သော် ၂ဝ၁ဝ ပြည့်နှစ်တွင် ကုလလုံခြုံရေး ကောင်စီ၏ အီရန် နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခဲ့ သောကြောင့် အဆိုပါ သဘောတူညီမှု ပျက်ပြား သွားခဲ့ရသည့် အတွက် အီရန် နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၄ ဘီလျံ လျော်ကြေး ပေးဆောင်ရန် အီရန်နိုင်ငံက ရုရှား နိုင်ငံအား ဂျီနီဗာရှိ နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment