Thursday, July 11, 2013

ကာလပေါက်ဈေး တစ်ဧကလျှင် ကျပ် ၁၀ ဘီလျံ ၀န်းကျင်ရှိသော ပြန်ကြားရေး ၀န်ကြီးဌာနပိုင်မြေမှ မြေနှစ်ဧကအား တစ်လလျှင် တစ်ဧက ကျပ်သိန်း ၅၀ ဖြင့် Forever Group သို့ ငှားရမ်းရန် စီစဉ်

ကာလပေါက်ဈေး တစ်ဧကလျှင် ကျပ် ၁၀ ဘီလျံဝန်းကျင်ရှိသည့် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမပေါ်ရှိ ရေကူးအသံလွှင့်စက်ရုံ ၀င်းအတွင်းမှ မြေနှစ်ဧကကို တစ်လလျှင် တစ်ဧက ကျပ်သိန်း ၅၀ ဖြင့် Forever Group သို့ ပြန်ကြားရေး ၀န်ကြီးဌာနမှ ငှားရမ်းရန် စီစဉ်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမပေါ်ရှိ ရေကူးအသံလွှင့် စက်ရုံဝင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာနမှ ပိုင်ဆိုင်ကြောင်း၊ အဆိုပါဝင်း အတွင်းမှ မြေနှစ်ဧကကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရုပ်သံထုတ်လွှင့်ရေး လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်နေသည့် Forever Group ကုမ္ပဏီလီမိတက်၏ အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ရာ စတူဒီယိုအဖြစ် ဆောက်လုပ်ရန်အတွက် ငှားရမ်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

မြေနှစ်ဧကအား ငါးနှစ်ငှားရမ်းမည်ဖြစ်ပြီး ငါးနှစ်ပြီးဆုံးပါက နှစ်နှစ်စီနှင့်သုံးကြိမ် ထပ်မံသက်တမ်း တိုးမည်ဖြစ်သည့်အတွက် စုစုပေါင်း ၁၁ နှစ် ငှားရမ်းခွင့် ရရှိသွားသည့် သဘောဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

တစ်လလျှင် တစ်ဧက ကျပ်သိန်း ၅၀ ဖြင့်သာ ငှားရမ်းသည့်အတွက် မြေနှစ်ဧကအတွက် ငါးနှစ်စာ ငှားရမ်းခ ကျပ်သိန်း ၆၀၀၀ ရရှိမည်ဖြစ်သည်။

သို့သော် ပြန်ကြားရေး ၀န်ကြီးဌာနပိုင် မြေနေရာအား ပုဂ္ဂလိကသို့ ငှားရမ်းသည် ဆိုသော်လည်း ၀န်ကြီးဌာနမှ အဆိုပါ ငှားရမ်းခမှ ရရှိသည့် ကျပ်သိန်း ၆၀၀၀ ကို ရရှိမည်မဟုတ်ဘဲ Forever Group ကုမ္ပဏီလီမိတက်က ပရိုဂရမ်များ ရိုက်ကူးရန်အတွက် အဆိုပါ ငှားရမ်းခငွေဖြင့် စတူဒီယိုတစ်ခု ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ဆောက်လုပ်၍ ပိုသည့်ငွေကိုသာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ပြန်လည်ပေးသွင်းမည်ဖြစ်ကြောင်းနှင့် BOT စနစ်ပုံစံမျိုးဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေနေရာအား အများပြည်သူသို့ တရားဝင် တင်ဒါခေါ်ပြီး ပေးခြင်းဟုတ်မဟုတ် မသိရှိရပေ။ ယခုနောက်ပိုင်းတွင် ၀န်ကြီးဌာနများ အနေဖြင့် တရားဝင်တင်ဒါ ခေါ်ယူပြီးမှ လုပ်ကိုင်ရန် နိုင်ငံတော် သမ္မတရုံးက အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မိမိအပါအ၀င် အစိုးရ၀န်ကြီးများ မဟုတ်တာလုပ်တာ သေချာပါက တရားစွဲဆိုနိုင်ကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။ အစိုးရသက်တမ်း နှစ်နှစ်တာ ကာလအတွင်း မီဒီယာလွတ်လပ်ခွင့်နှင့် ၀န်ကြီးများ၏ ပြောဆိုမှုများအပေါ် ရေးသားချက်များနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြည်ထောင်စုဝန်ကြီးများသည် မမှန်မကန် လုပ်ရပ်များ ရှိသည်မှာ သေချာလျှင် တရားစွဲဆိုနိုင်ကြောင်း ဦးစိုးသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဂတိတရား ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရေးအတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီနှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့က စုံစမ်းဖော်ထုတ် စစ်ဆေးအရေးယူခွင့်ရှိကြောင်း သိရသည်။

ယခုငှားရမ်းရန် စီစဉ်နေသော ဝေဇယန္တာလမ်းမ နေရာသည် လက်ရှိမြေဈေးနှုန်းအရ တစ်ဧကလျှင် ကျပ် ၁၀ ဘီလျံကျော်မှ ဘီလျံ ၂၀ ကျော်ကြား ရှိနေကြောင်း စုံစမ်းသိရသည်။

EMG
Photo: ကာလပေါက်ဈေး တစ်ဧကလျှင် ကျပ် ၁၀ ဘီလျံ ၀န်းကျင်ရှိသော ပြန်ကြားရေး ၀န်ကြီးဌာနပိုင်မြေမှ မြေနှစ်ဧကအား တစ်လလျှင် တစ်ဧက ကျပ်သိန်း ၅၀ ဖြင့် Forever Group သို့ ငှားရမ်းရန် စီစဉ်
Thursday, 11 July 2013
   
0 comments:

Post a Comment