Tuesday, July 23, 2013

အဂတိ လိုက်စားသည်ဟု သံသယရှိသူ ၁၃၀၀၀ကျော် တရုတ် အစိုးရ ဖော်ထုတ်



တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အများပြည်သူနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေသော အကျင့်ပျက် ခြစားမှု ကျူးလွန်သည်ဟု သံသယရှိသူ ၁၃၀၀၀ ကျော်ကို ၂၀၁၃ ခုနှစ် ပထမ နှစ်ဝက် အတွင်း ခေါ်ယူ စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု တရုတ် အစိုးရ၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် Xinhua သတင်းဌာနက ကိုးကား ဖော်ပြသည်။ 


တရုတ်နိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဗျူရို၏ ထုတ်ပြန်ချက်တွင် ‘ယခုနှစ် ပထမနှစ်ဝက် အတွင်း အများပြည်သူနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေသော အကျင့်ပျက် ခြစားမှုများ နှင့် ပတ်သက် သည်ဟု သံသယရှိသူ ၁၃၈၄၂ ဦးကို စုံစမ်း ဖော်ထုတ် စစ်ဆေးခဲ့သည်’ ဟု ဖော်ပြ ပါရှိသည်။

တရုတ်အစိုးရ ရှေ့နေများသည် ပြည်သူ့ဘဏ္ဍာ အလွဲသုံးစား လုပ်မှုပေါင်း ၉၇၄၇ မှုကို စုံစမ်း စစ်ဆေး ခဲ့ပြီး လာဘ်ပေး လာဘ်ယူမှုများတွင် တွေ့ရှိ ရသော ငွေပမာဏ စုစုပေါင်းမှာ ၁ ဒသမ ၇၇ ဘီလီယံ ယွမ် (အမေရိကန် ဒေါ်လာ ၂၈၇ သန်း) ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဗျူရိုသည် လယ်မြေ သိမ်းယူမှု၊ အိမ်ခြေ ဖျက်သိမ်းမှု၊ အိမ်ရာ စီမံကိန်း၊ ပညာရေး၊ အလုပ်အကိုင်နှင့် ကျန်းမာရေး ဝန်ဆောင်မှု၊ လူမှု လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး၊ အစားအစာနှင့် ဆေးဝါး လုံခြုံရေး အစရှိသည့် အရေးပါသော အခန်းကဏ္ဍ များကို ဦးတည်ပြီး အဂတိ လိုက်စားမှု ဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းအခန်းကဏ္ဍများတွင် အဂတိ လိုက်စားသည်ဟု သံသယရှိသူ ၇၁၃၂ ဦး ရှိခဲ့ပြီး အများစုမှာ အရာရှိကြီးများ၊ အလုပ်သမားများ၊ အောက်ခြေ အဆင့်ရှိ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ဖြစ်ကြသည်ဟု အဆိုပါ ဗျူရိုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ စုံစမ်း ဖော်ထုတ်မှုနှင့် ပတ်သက်သော ထုတ်ပြန် ကြေညာချက်တွင် တရုတ်နိုင်ငံတွင်း အဂတိ လိုက်စားမှု လျော့နည်းလာခြင်း သို့မဟုတ် မြင့်တက်လာခြင်း ရှိ မရှိ ဟူသော အချက်ကိုမူ အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

ကမ္ဘာလုံး အတိုင်းအတာဖြင့် ပြုလုပ်သော စစ်တမ်း ကောက်ယူချက်အရ အကျင့်ပျက် ခြစားမှုများ သည် လွန်ခဲ့သည့် ၂ နှစ်တာ ကာလပတ်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ အခြေစိုက် အကျိုးအမြတ် မယူသည့် အဖွဲ့ဖြစ်သော Transparency International-TI က ဇူလိုင် လဆန်းပိုင်းတွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

‘ပြည်သူများသည် အင်စတီကျူးရှင်းကြီးများက ၎င်းတို့ကို ကာကွယ်ပေးမှု၊ အကူအညီ ပေးနိုင်မှုနှင့် ပတ်သက်၍ ယုံကြည်မှု အနည်းငယ်မျှသာ ရှိကြသည်။ ယင်း အင်စတီကျူးရှင်းကြီးများတွင် ရဲတပ်ဖွဲ့၊ တရားရုံးနှင့် နိုင်ငံရေး ပါတီများ ပါဝင်သည်’ ဟု TI က ဆိုသည်။

The Voice Weekly

0 comments:

Post a Comment