Tuesday, July 23, 2013

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြောင်းပေးရန် ပြည်ထဲရေး ဝန်ကြီးထံ သုံးကြိမ်မြောက် စာတင်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အုပ်ချုပ်ရေးမှူး ဥပဒေ အခန်း(၃)၊ ပုဒ်မ (၅) ရှိ အချက် အချို့နှင့် ငြိစွန်းနေခြင်းကြောင့် တာဝန်မှ အမြန်ဆုံး ရပ်စဲပေးရန် ဇူလိုင်လ ၁၂ ရက်နေ့က ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် အခြား သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၁၁ ခုထံသို့ သုံးကြိမ်မြောက်အဖြစ် ရွာသား ၁၀ ဦးက လက်မှတ် ရေးထိုး စာတင်ခဲ့ကြောင်း ရွှေပျောက် ကျေးရွာနေ ဦးအောင်မြင့်က The Voice သို့ ပြောကြားသည်။

အိမ်၊ ခြံ၊ လယ်ယာမြေ အရောင်းအဝယ်လုပ်သူ ကျေးရွာသူ/သားများထံမှ မတရား ပိုက်ဆံတောင်း ခြင်း၊ ကျေးရွာပိုင် မြေ အချို့ကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ လယ်ထွန်စက်ကဲ့သို့သော နိုင်ငံတော်က ထောက်ပံ့သည့် ပစ္စည်းများကို အများပြည်သူအတွက် အသုံးမပြုခြင်း စသည့် အချက် များကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း အဆိုပါ ရွာသား တစ်ဦးက ဆိုသည်။

“သမ္မတကို စာတင်တာလည်း နှစ်ကြိမ် ရှိပြီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဆီကို လည်း တင်ပြထားတယ်၊ ခဏ ခဏ တိုင်ကြားပေမယ့် အကြောင်းမထူး ဖြစ်နေတာနဲ့ ပတ်သက်ပြီး သြဂုတ်လ ကျရင် လွှတ်တော်ထဲမှာ မေးမြန်းပေးမယ်လို့ သူက ပြောတယ်” ဟု အဆိုပါ ရွာသားက ဆိုသည်။

၎င်းသည် ၂၀၀၆ ခုနှစ်ကတည်းက အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဆယ်အိမ်မှူး ၉၄ ဦး အနက် ရွေးချယ်ပွဲ တက်ရောက်သူ ၉၂ ဦးလုံး၏ တညီတညွတ်တည်း ရွေး ချယ်ခြင်း ခံခဲ့ရကြောင်း၊ မိမိနှင့်အတူ အုပ်ချုပ်ရေးမှူး နေရာကို ယှဉ်ပြိုင် အရွေးခံမည့်သူ မည်သူမျှ မရှိကြောင်း ရွှေပျောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လတ်ရီက ပြောကြားသည်။

“ကျွန်တော့်ဘက်ကတော့ ရှင်းနိုင်ပါတယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်း ခေါ်စစ်ပြီးပါပြီ။ မဟုတ်တာလုပ်ရင် ကျွန်တော် ပြုတ်တာ ကြာပြီပေါ့” ဟု တာဝန်မှ ရပ်စဲရန် တိုင်တန်းခံရသည့် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

“ရပ်မိရပ်ဖ ငါးဦး ရွေးတုန်းကလည်း သူ့ရဲ့ ဆွေမျိုး နီးစပ်တွေပဲ၊ ဆယ်အိမ် မှူးတွေ ရွေးတုန်းကလည်း ခုန်ကျော် ကွက်ကျား သူကြိုက်တဲ့သူ ရွေးသွား တယ်။ အဲဒီတုန်းကတည်းက ကန့်ကွက်နေခဲ့တာပါ” ဟု NLD ရပ်/ကျေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးကို တာဝန်မှ ရပ်စဲပေးရန် ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း လူ ၆၀ ကျော် ဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ပြီး နောက်တစ်နေ့ ၅ ရက်နေ့တွင်ပင် ယင်းအုပ်ချုပ်ရေးမှူးကိုသာ ပြန်လည် အတည်ပြု ပေးခဲ့သည် မှာ ဆန္ဒပြ ပြည်သူလူထုကို မထေမဲ့မြင် ပြုလုပ်ရာ ရောက်သည်ဟု ခံစားရကြောင်း၊ အဆိုပါ အုပ်ချုပ်ရေးမှူးကို ပြောင်းလဲနိုင်ရေးအတွက် ဆက်လက်ပြီး လုပ်ဆောင်နေမည်ဖြစ် ကြောင်း ဦးဆောင် လှုပ်ရှားသူ ဦးအောင်မြင့်က ဆိုသည်။

အောင်မျိုးထက်
The Voice Weekly

0 comments:

Post a Comment