Tuesday, July 23, 2013

အနီရောင်စုတ်ချက်ပြင်းပြင်းတို့ ပါဝင်တဲ့ ရှစ်လေးလုံး “ငွေရတု အထိမ်းအမှတ်” အနုပညာပြပွဲ

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ၏ “ငွေရတုအထိမ်းအမှတ်”အဖြစ် ကျင်းပသည့် အနုပညာပြပွဲတွင် အနီရောင်များ၊ လိမ္မော်ရောင်များ စသည့်အပူရောင်များဖုံးလွှမ်းသော ပန်းချီကားများအား အများဆုံး ခင်း ကျင်းပြသထားသည့် ပြပွဲဖြစ်သည်။ ယင်းပြပွဲကို ဇူလိုင် ၂၂ရက်မှ ၂၄ရက်အထိ ပြည်လမ်းရှိ ယုဒဿန် ရိပ်သာတွင် ကျင်းပလျက်ရှိပြီး အနုပညာရှင်များရေးဆွဲသည့် ပန်းချီ၊ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံများအပြင် ၈၈၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့သူများ၏ လက်ရာများကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။

ယင်းပြပွဲသည် သြဂုတ်လတွင်ကျင်းပမည့် ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားအား တစ်ဖက် တစ်လမ်းမှ ၀င်ငွေရရှိစေရန်နှင့် ၈၈၈၈ အခမ်းအနားကို ပြည်သူလူထုများ စိတ်ဝင်စားလာစေရန် ရည်ရွယ် ကျင်းပသည့်ပြပွဲဖြစ်ကြောင်း ပြပွဲကျင်းပရေး ကော်မတီမှ ကိုမြတ်လှိုင်က ဆိုသည်။

ပြပွဲ၏ အနုပညာလှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်သူ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်က “ဒီပွဲမှာ ဖြတ်သန်းမှု အတွေ့အကြုံနဲ့ ပေါင်းစပ်လို့ရတဲ့အင်အားတွေနဲ့ နောက်ထပ်သမိုင်းအသစ်ကို ရေး ကြမယ့် လူငယ်တွေအတွက်ရော၊ သမိုင်းအမှန်ကို သိချင်ကြတဲ့ လူတွေအတွက်လည်း အကောင်းဆုံး ပုံရိပ်တွေကို ပြသထားပါတယ်။ ဒီပွဲဟာ ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့အတွက် အမှားပါရင်သည်း ခံပေးပါ”ဟု ပြောကြားခဲ့သည်။

အဆိုပါပြပွဲတွင် ပန်းချီဆရာကြီး ခင်မောင်ရင် အပါအ၀င် ပန်းချီဆရာ ၇၀ က ၈၈၈၈ အရေးတော်ပုံ အတွင်းက အဖြစ်အပျက်များမှစကာ ယနေ့ကာလပြောင်းလဲမှုများကို ပန်းချီ အနုပညာဖြင့် မှတ်တမ်းတင် ဖော်ပြထားသည့်အပြင် ဆန်နီညိမ်း၊ အောင်ကျော်မိုး(New Image)၊ မသန်္တာ၊ ဒဲဒီ(Freewings)၊ ဘိုဘို ထွန်း၊ ကျော်ဇော၊ အေးမင်းစိုး၊ ကျော်ကျော်ဝင်း(သမ၀ါယမတက္ကသိုလ်)၊ အောင်နေမျိုး (မုံရွာ) အစရှိ သည့် ဓာတ်ပုံဆရာကိုးဦးတို့ကလည်း တစ်ခေတ်တစ်ခါကပုံရိပ်များကို ပြသထားသည်။

ဓာတ်ပုံ ဒဲဒီ(Freewings)က “ဒီပွဲမှာက ပြီးခဲ့တဲ့ဖြစ်စဉ်တွေကို နောက်လူတွေကို သိစေချင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီပွဲကပုံတွေက နိုင်ငံရေးအငွေ့အသက်ပါတဲ့ပုံတွေကို အဓိကထားပြီးတော့သုံးတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၈၈ကိုဖြတ်သန်းခဲ့တဲ့လူတိုင်းက မနေ့တစ်နေ့က လူလိုပါပဲ။ ဒီအရေးအခင်းက ဘယ်လိုတွေဖြတ်သန်းခဲ့ရတယ်၊ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာကို ပြန်ပြီးအသက်ဝင် အောင် တင်ပြထားတာ ဖြစ်ပါတယ်။ ဒီ ၈၈ကို ကိုယ်နဲ့အတူတူဖြတ်သန်းခဲ့ပြီး တိုက်ပွဲကျသွားတဲ့ လူတွေအတွက် ဂုဏ်ပြုတာလည်း ပါ,ပါတယ်။ ၀မ်းလည်းနည်းတယ်။ ဦးကိုယ်တိုင်လည်း ဒီ ၈၈ကို ဖြတ်သန်းခဲ့ရပါတယ်” ဟု ပြောသည်။

ကာတွန်းများကို ကာတွန်းရွှေမင်းသား၊ မြေဇာ၊ မောင်မောင်၊ ဆန်းထွန်း၊ သက်ကြည်၊ ဒီဒိ၊ ရွာဆော်၊ မိုးထက်မိုး၊ ကောင်းထက်၊ ဟတ်ကော့၊ အာကာ စသည့်ကာတွန်းဆရာ ၁၁ဦးတို့၏ ထိမိသည့်လက်ရာ များကို ဖတ်ရှုနိုင်မည်ဖြစ်ပြီး သစ္စာနီ၊ နိုင်မြန်မာ၊ မင်းကိုနိုင်၊ ကျော်စိုးလူ၊ ဗမွန် စသည့်နာမည်ကြီးကဗျာ ဆရာများနှင့် အခြားသောကဗျာဆရာများလည်း ပြပွဲရက်အတွင်း ကဗျာများကို ရွတ်ဆိုကြမည်ဖြစ်သည်။

Mizzima News

0 comments:

Post a Comment