Monday, July 15, 2013

အာဇာနည်နေ့တွင် အရပ်ဘက်လူမှု အဖွဲ့အစည်း ၃၀ ကျော် စီတန်းလမ်းလျှောက်မည်

ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် ၆၆ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို အရပ်ဘက် လူမှု အဖွဲ့အစည်း ၃၀ ခန့်မှ ပူးပေါင်း ကျင်းပသွားမည်ဖြစ်ပြီး ကန်တော်ကြီး၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှ အာဇာနည်ဗိမာန်အထိ စီတန်းလမ်းလျှောက်မည် ဖြစ်ကြောင်း သိရသည်။
အများပြည်သူအနေဖြင့် အာဇာနည်နေ့ အခမ်းအနားတွင် ပူးပေါင်းပါဝင်ကြစေ လိုကြောင်း အဆိုပါ အခမ်းအနားတွင် ပါဝင်သည့် အဖြူရောင် တွဲလက်များ အဖွဲ့မှ ဦးဘိုဘိုက ပြောကြားသည်။
အဆိုပါ အခမ်းအနားကို ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အာဇာနည်နေ့၏ အသက် ၀ိညာဉ် ကို ပြန် လည်ဖော်ထုတ်ရန်၊ ပြည်သူလူထုရင်ထဲ၌ အဓိပ္ပာယ်လေးနက်စွာ အစဉ်ဂါဝရပြုရန်၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ တန်ဖိုးနှင့် ကိုယ်ကျိုးစွန့်လွှတ်မှုတို့ကို အောက်မေ့ သတိရကာ အာဇာနည်နေ့ အခမ်းအနားအား အစဉ်အဆက် ထိန်းသိမ်းသွားရန်၊ နိုင်ငံသားတို့ ကောင်းကျိုးအတွက် အသက်ခန္ဓာများကို စွန့်လွှတ်ခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ၏ စိတ်ဝိညာဉ်များကို မျိုးဆက်သစ် လူငယ်များ အတုယူလေ့လာ ကျင့်သုံးမိစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၁၈ ရက်အထိ (၆၆)နှစ်ပြည့် အာဇာနည်နေ့ကို အများပြည်သူ အမှတ်တရ၊ သတိထားမိစေရန် အတွက် စတစ်ကာကပ် လှုပ်ရှားမှု အစီအစဉ် ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် အာဇာနည်နေ့ အစီအစဉ်ကို အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၃၀ ခန့်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဖြူရောင်တွဲလက်များ၊ ရန်ကုန်လိုင်ဇာ လမ်းလျှောက်အဖွဲ့၊ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်၊ Generation Wave စသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအ၀င် အဖွဲ့ ၃၀ ကျော်မှ ပူးပေါင်းစီစဉ်သည့် ယင်းအာဇာနည်နေ့ အစီအစဉ်ကို ဇူလိုင် ၁၉ ရက်၊ နံနက် ၉ နာရီတွင် ကန်တော်ကြီး၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့တွင် စတင်မည်ဖြစ်ပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်၊ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရချိန်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို နှစ်မိနစ်ခန့် ငြိမ်သက်ဂါဝရ ပြုကြမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ငြိမ်သက်ဂါဝရ ပြုပြီးနောက် ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှ အာဇာနည်ဗိမာန်အထိ စီတန်းလမ်းလျှောက် ကြမည်ဖြစ်ပြီး လမ်းလျှောက်ရာ လမ်းတစ်လျှောက်တွင် ၀မ်းနည်းခြင်း အထိမ်းအမှတ် တယော ထိုးခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ပါဝင်မည့် ရန်ကုန်လိုင်ဇာ လမ်းလျှောက်အဖွဲ့မှ ကိုဇင်ကိုကိုက ပြောကြားသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ငြိမ်သက်အလေးပြုမည့် အစီအစဉ်၊ အာဇာနည် ဗိမာန်အထိ စီတန်းလမ်းလျှောက်မည့်အစီအစဉ် တို့အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြု မိန့် တောင်းခံ ထားခြင်း မရှိကြောင်း၊ အာဇာနည်နေ့ကဲ့သို့ နိုင်ငံတော် အခမ်းအနား မျိုးကို ပြည်သူလူထုက ငြိမ်းချမ်း စွာ ပြုလုပ်မည့်အပေါ် အာဏာပိုင်များ အနေဖြင့်လည်း နားလည်လိမ့်မည်ဟု ယူဆကြောင်း၊ အကယ်၍ အာဏာပိုင် အဖွဲ့အစည်း တစ်ခုခုမှ အခမ်းအနား အစီအစဉ်ကို မပြုလုပ်ရန် တားဆီးခြင်းမျိုး ရှိခဲ့ပါက လည်း မိမိတို့ အနေဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက် လိုကြောင်း အဖြူရောင်တွဲ လက်များ အဖွဲ့မှ ဦးဘိုဘိုက ဆိုသည်။
အာဇာနည်နေ့တွင် အာဇာနည်များကို အောက်မေ့သည့် အထိမ်းအမှတ်အဖြစ် ၁၉၆၁-၆၂ ခုနှစ်က ကဲ့သို့ ဥသြဆွဲသံ ပြန်လည်ထုတ်လွှင့်ပေးရန် နိုင်ငံပိုင် မီဒီယာမှ အစီအစဉ် မရှိသေးကြောင်း ဇူလိုင် ၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ပြောကြားခဲ့သည်။

From...EMG

0 comments:

Post a Comment