Monday, July 15, 2013

ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များ အမေရိကန်ဒေါ်လာ ခုနစ် ဘီလျံကျော် ထပ်မံမြှုပ်နှံပြီး နိုင်ငံသား အများဆုံး ၀င်ရောက်မြှုပ်နှံသည့် လုပ်ငန်းအဆင့် ခုနစ် နေရာ၌ ရပ်တည်

7.14.8
ပုဂံမြို့ရှိ နိုင်ငံသားပိုင် ကြယ်လေးပွင့် အဆင့်ရှိ Aureum Palace Hotel ရွှေနန်းတော် ဟိုတယ် အား တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် အမေရိကန်ဒေါ်လာ
ခုနစ်ဘီလျံကျော် ထပ်မံမြှုပ်နှံခဲ့ပြီး နိုင်ငံသားများ ၀င်ရောက် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများထဲတွင် အဆင့်ခုနစ် နေရာ၌ ရပ်တည် နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရ သည်။
ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ၂၀၁၃ ခုနှစ်၊ ဇွန် ၁၀ ရက်အထိ မြန်မာနိုင်ငံသားများ ၀င်ရောက် မြှုပ်နှံ မှုမှာ အမေရိကန်ဒေါ်လာ ၁၇၅၅၆၉ ဒသမ ၇၀ ဖြစ်ပြီး ဇူလိုင် ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၁၈၃၃၄၈ ဒသမ ၄၀ အထိ ရှိလာခြင်းကြောင့် ရက်ပေါင်း ၂၀ အတွင်း အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၇၇၇၈ ဒသမ ၇ သန်း) တိုးလာခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁ ရက် အထိ စာရင်းများအရ နိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံ ၏ ဆောက် လုပ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၇၁၃၄၈၉ ဒသမ ၄၄ သန်းဖြင့် အများဆုံး မြှုပ်နှံ မှု ပြုလုပ် ထားပြီး ကုန်ထုတ်လုပ်ငန်းတွင် အမေရိကန် ဒေါ်လာ ၇၀၀၂၀၀ ဒသမ ၁၅ သန်းဖြင့် ဒုတိယ အများ ဆုံး မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့်လည်း ဇွန် ၂၉ ရက်တွင် ပြုလုပ်သည့် ၁၇/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်းလေးခုအား ချထားပေး ရာတွင် Sanda Hotel Co., Ltd အား မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံဟိုတယ်ဇုန်(၂)ရှိ မြေကိုးဧကပေါ်တွင် BOT စနစ်ဖြင့် မြေငှားရမ်း၍ လုပ်ကိုင်မည့် ဟိုတယ်လုပ်ငန်း ပါဝင်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် လိုင်စင်ရထားသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာမှာ ၇၉၄ လုံးရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ဟိုတယ်မှာ ၂၂ လုံး၊ ပြည်ပနှင့် ဖက်စပ် ဟိုတယ်လေး လုံး၊ နိုင်ငံပိုင်ဟိုတယ် ခြောက်လုံးနှင့် ပုဂ္ဂလိကပိုင် ဟိုတယ်မှာ ၇၆၂ လုံးအထိ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ၂၀၁၃ ခုနှစ်၊ မတ်လအတွင်း က ပြည်လမ်းနှင့် ပြည်ထောင်စုရိပ်သာ လမ်းထောင့်ရှိ ပြည်ထောင်စု ရိပ်သာအား BOT စနစ်ဖြင့် မြေငှား ရမ်း၍ နိုင်ငံတကာ အဆင့်မီ ဟိုတယ်အပါအ၀င် အခြားစီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်၍ ငှားရမ်းခြင်း လုပ်ငန်းအား Ayeyarwaddy Resorts And Lodges Co., Ltd အား လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေ မြို့နယ်တွင် ဟိုတယ်တည်ဆောက်၍ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် Grand Park Hotel Co., Ltd ကို လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

From...EMG

0 comments:

Post a Comment