Thursday, July 18, 2013

မဟာမုနိဘုရား အနောက်မုခ်အနီး ကိုရင် တစ်ပါး ဓားထိုးခံရ

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မဟာမုနိ ဘုရားကြီး အနောက်မုခ်အနီး ၈၄ လမ်း ပေါ် တွင် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်က ကိုရင် တစ်ပါးကို ဓားနှင့် ထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ အမှတ် (၁၀) ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်း သိရှိရသည်။


“ဓားနဲ့ ထိုးခံရတယ် ဆိုပေမယ့် မစိုးရိမ်ရပါဘူး” ဟု ယင်းရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ဓားဖြင့် ထိုးခံရသူ ကိုရင်တိက္ခ၊ သိက္ခာ သုံးဝါ၊ အသက် ၁၉ နှစ်၊ (ဘ) ဦးဘိုတင့် သာသနာဝင် အမှတ် မရှိ၊ ညောင်ကန်တိုက် ဓမ္မာစရိယ အေးကျောင်း နေသူနှင့် ပြစ်မှု ကျူးလွန်သူ ကျော်ထက်ဦး (၁၈)နှစ်၊ (ဘ) ဦးညီဝင်းအောင်တို့နှစ်ဦး စကားများရာမှ ကျော်ထက်ဦးက အရိုးအသွား ၁၀ လက်မခန့် ရှိ ဓားဦးချွန်နှင့် ထိုး၍ ကိုရင်တိက္ခ၏ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက် ရခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။

“ဘာကြောင့် ဓားနဲ့ ထိုးခံရတယ်လို့တော့ မသိရသေးဘူး။ မနေ့ ညနေခင်းက ခွဲစိတ်ခန်းက ထွက်လာပြီးတဲ့ထိတော့ သတိ မရသေးဘူး” ဟု ဓားထိုးခံ ရသည့် ကိုရင်နှင့် နီးစပ်သူ တစ်ဦးက ဆို သည်။

ဒဏ်ရာ ရရှိသည့် ကိုရင်သည် ညောင်ကန် ကျောင်းတိုက်တွင် နေထိုင်သည် ဟု ဆိုသော်လည်း လွန်ခဲ့သော ငါးနှစ်ခန့်က နေထိုင် သီတင်းသုံး ဖူးခြင်းဖြစ်ကြောင်း ယင်း ကျောင်းတိုက် ဆရာတော် ၏ ပြောကြားချက်ကို ကိုးကားကာ မန္တလေးမြို့ အမှတ် (၁၀) ရဲတပ်ဖွဲ့ စခန်း စခန်းမှူးက ပြောကြား သည်။

အဆိုပါ ကိုရင်သည် ဇူလိုင်လ ၁၆ ရက်နေ့ ညက သတိပြန်ရလာကာ သက်သာလာပြီဖြစ်ကြောင်း ကိုရင်တိက္ခက The Voice သို့ မိန့်ကြားသည်။

ပြစ်မှု ကျူးလွန်သူ ကျော်ထက်ဦး အသက် ၁၉ နှစ်ကို မန္တလေးမြို့ အမှတ် ၁၀ ရဲစခန်းက (ပ) ၁၉၇ /၂၀၁၃ ပြစ်မှု ပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူ ထားကြောင်း ယင်းရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်း သိရှိ ရသည်။
The Voice 

0 comments:

Post a Comment