မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ
တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ရာ၌ ပိုက်လိုင်း တစ်လျှောက်
နိုင်ငံတကာအဆင့်မီ ပိုက်လိုင်းစောင့်ကြည့်ရေး အဖွဲ့များ ထားရှိဆောင်ရွက်
သွား မည်ဖြစ်ကြောင်း CNPC မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သို့သော်လည်း
ပိုက်လိုင်းသွယ်တန်းရာ လမ်းတစ်လျှောက်ရှိ ဒေသခံများ အနေဖြင့်မူ
ပိုက်လိုင်းလုံခြုံ စိတ်ချမှုရှိရေး၊ ပိုက်လိုင်းသွယ်တန်းစဉ် တူးဆွထားသည့်
မြေစာပုံများ၊ ချိုင့်ခွက်များကို ပြန် လည်ပြုပြင်ပေးခြင်း
မရှိသေးသည့်အတွက် ပိုက်လိုင်းအနီးရှိ လယ်ယာမြေများ
ပြန်လည်စိုက်ပျိုးနိုင်မှု ရှိမရှိ စသည့်အလားအလာများနှင့် ပတ်သက်ပြီး
စိုးရိမ်ပူပန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
"ပိုက်လိုင်းကနေ
ဓာတ်ငွေ့ပို့လွှတ်နေတဲ့ ကာလတွေမှာ လုံခြုံမှု ရှိရေးအတွက် နိုင်ငံတကာ
အဆင့်မီ ပိုက်လိုင်းစောင့်ကြည့် ထိန်းသိမ်းရေး အဖွဲ့တွေ
ထားရှိဆောင်ရွက်မှာပါ။ နောက်ပြီး ဒေသခံ ကျေးရွာတွေ ထဲက သင့်တော်မယ့်သူကို
ရွေးချယ်ပြီး စောင့်ကြည့်ပေးတဲ့ အစီအစဉ်တွေနဲ့လည်း ဆောင်ရွက် သွားမှာ
ဖြစ်ပါတယ်" ဟုလည်း CNPC မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာ-တရုတ်
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မကွေးတိုင်း ဒေသကြီး အတွင်း ပဒါန်း၊ ငဖဲ၊
မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ ရေနံချောင်း၊ ချောက်မြို့နယ်များ အတွင်းမှ
ဖြတ်သန်းသွားသည်။ အညာတောင်သူများ သည် နွေထယ်ရေး ပြုပြင် ချိန်တွင်
ယာခင်းများအတွင်းရှိ အမှိုက်များအား စုပုံမီးရှို့လေ့ ရှိသည်။ သဘာဝဓာတ်ငွေ့
ယိုစိမ့်မှုများ ရှိပါက ပိုက်လိုင်းဖြတ်သန်းရာ ယာခင်းမဟုတ်သည့်တိုင်
ပိုက်လိုင်းနှင့် အနီးတစ်ဝိုက် ယာခင်းများတွင် ထိုသို့မီးရှို့မှုများ
ပြုလုပ်ပါက အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။ သို့သော် ထိုသို့
တောမီးရှို့ခြင်း၊ ယာမြေရှင်းလင်းသည့်အခါ အမှိုက်မီးရှို့ခြင်းတို့နှင့်
ပတ်သက်၍ ပိုက်လိုင်းဖြတ်သန်း ရာ အနီးတစ်ဝိုက်မှ ဒေသခံ တောင်သူများအား
ဗဟုသုတ ဟောပြောပွဲများ ပညာပေး ဆွေးနွေးမှုများ မရှိခဲ့ကြောင်း သိရသည်။
ထို့အပြင်
ရေနံချောင်းမြို့နယ်အတွင်း ကျေးရွာများ၏ ယာမြေများပေါ်
ပိုက်လိုင်းဖြတ်သန်းသွား သည့် နေရာများ၌ မြေဖို့ပြီးချိန်တွင်
ပုံမှန်မြေသားအတိုင်း မဟုတ်တော့ဘဲ မြေသား မို့မောက် နေသောကြောင့်
သီးနှံဖြစ်ထွန်းမှု မရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။
သဘာဝဓာတ်ငွေ့
ပိုက်လိုင်းပိုက်လုံး တစ်လုံးနှင့်တစ်လုံး သွယ်ဆက်မှု လုပ်ငန်းခွင်နှင့်
ပတ်သက်၍လည်း ငဖဲမြို့နယ်အတွင်း ပိုက်လိုင်းလုပ်ငန်းခွင်တွင်
လုပ်ကိုင်ခဲ့သည့် အလုပ်သမား တစ်ဦးက "ဦးလေးတို့ အရင်လုပ်ဖူးတဲ့
ဓာတ်ငွေ့ပိုက်လိုင်းတွေမှာ ပိုက်လုံးတစ်လုံးနဲ့တစ်လုံး ဆက်တဲ့အခါ အရစ်ပါတဲ့
ဂျွိုင်းဆက်တွေနဲ့ ဆက်ခဲ့ပေမယ့် ဒီတရုတ်ပိုက်လိုင်းမှာတော့
ပိုက်လုံးတစ်လုံးနဲ့ တစ်လုံးကို ဂဟေဆော်ပြီးတော့ ဆက်ထားပါတယ်။ အဲဒီလို
ဆက်ထားတဲ့ နေရာတွေက ဓာတ်ငွေ့ရဲ့ တွန်းကန် အား နဲ့ တွေ့တဲ့အခါမှာ
ပွင့်ထွက်သွားတတ်တဲ့ သဘာဝ ရှိပါတယ်" ဟု ဆိုသည်။
အလားတူ
အမ်းမြို့နယ်အတွင်း မေလအတွင်းက မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း
သွယ်တန်းပြီး စီးပြီးနောက် စက်ယန္တရားများဖြင့် တူးဆွထားသည့် မြေစာပုံများ၊
ချိုင့်ခွက်များနှင့် ကျိုးပျက်သွားသည့် တာပေါင်များကို
ပြန်လည်ပြုပြင်ပေးခြင်း မရှိ၍ ဒီရေဖိအားကြောင့် တာပေါင်များ ကျိုးပျက်ကာ
ပုစွန်ကန်နှင့် လယ်ယာမြေဧက ၄၀၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။
ထို့သို့
ပျက်စီးသွားသည့် ပုစွန်ကန်နှင့် လယ်ယာမြေများမှာ အမ်းမြို့နယ်၊ တောင်ဖီလာ
ကျေးရွာအုပ်စု၊ ဆပ်ကျပြင်ကျေးရွာ၊ မင်းတက်ကျေးရွာနှင့် ဆယ်ရှဉ်းလုပ်
ကျေးရွာသားများပိုင်ဖြစ်ကြောင်း သိရသည်။
"သူတို့ လုပ်ငန်းပြီးတာနဲ့
မိုးရာသီ လယ်စိုက်ချိန်ရောက်ပြီ။ ပထမဆုံးတော့ ငှက်ခေါင်းချောင်း
တာပေါင်ရေကျော် ပြီး တာပေါင်ကျိုးသွားတယ်။ ဆည်ပေါက်တော့ ပင်လယ်ရေရဲ့
အရှိန်ကြောင့် အုန်းခင်းချောင်းတာပေါင် ထပ်ကျိုးသွားပြီး
နောက်ထပ်ဆည်လေးလုံး ကျိုးသွားတယ်။ အခု ပျက်စီးသွားတဲ့ လယ်ယာမြေဧက ၁၈၀
ကျော်နဲ့ ပုစွန်ကန်ဧက ၂၀၀ ကျော် အထိတောင်ရှိတယ်" ဟု ကျောက်ဖြူမြို့နယ်
ဆပ်ကျပြင်ကျေးရွာမှ ဦးနီလွမ်းက ပြောကြားသည်။
ထို့ပြင်
မြင်းခြံမြို့နယ် အတွင်းမှ ဒေသခံ တစ်ဦးက "ပိုက်လိုင်းဖြတ်တဲ့လမ်းမှာ
ပိုက်လိုင်းမြှုပ်ထား တဲ့ နေ ရာပေါ် ကို ဒေသခံတစ်ယောက်ကို ကျပ် ၃၀၀၀ ပေးပြီး
လမ်းလျှောက်ခိုင်းတယ်။ ရွာကလူတွေကတော့ ပိုက်လိုင်းနားက ဖြတ်မသွားရဲကြဘူး။
ပိုက်လိုင်းမှာ စမ်းသပ်မှုတွေ လုပ်တုန်းက အပေါက်လေးတွေ ဖြစ် လာတော့ ပလတ်စတစ်
ကာဗာအပြားကြီးတွေတပ်ပြီး အပေါ်က မီးပေးလိုက် တာ တွေ့ရတယ်။ အပေါက် ကို
ဖာလိုက်တာပေါ့။ နောက်တော့ ရသွားပြီဆိုပြီး မြေကြီးတွေ ပြန် ဖို့လိုက်ကြတယ်"
ဟု ဆို သည်။
အဆိုပါ ပိုက်လိုင်းတစ်လျှောက် လုံခြုံရေး
စောင့်ကြည့်ရန် ပိုက်လိုင်းနှစ်မိုင် အရှည်လျှင် လူတစ် ဦးနှုန်းဖြင့်
ဒေသခံများအား ခန့်ထားခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်အတွင်း နေပြည်တော်မှ
ပိုက်လိုင်း တာဝန် ရှိသူများနှင့် တရုတ်လူမျိုး အရာရှိများ မကွေးမြို့သို့
လာရောက်စဉ်က ပိုက်လိုင်းသွယ်တန်းမှု ပြီးစီး၍ ဓာတ်ငွေ့မပို့လွှတ်မီ
ပတ်ဝန်းကျင် ပျက်စီးမှုနှင့် ပိုက်လိုင်းလုံခြုံ စိတ်ချရမှုအား
ကွင်းဆင်းစစ်ဆေး မည်ဟု ပြောကြားခဲ့သော်လည်း ယနေ့အထိ ကွင်းဆင်းလေ့လာမှု
မရှိခဲ့ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment