Thursday, July 11, 2013

သင်္ဘောဝမ်းဗိုက်ထဲသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သီလဝါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် တရုတ်နိုင်ငံသားပိုင် ကုန်တင်သင်္ဘောပေါ်မှ အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု ဇူလိုင်လ ၉ ရက်နေ့ နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ MV AN XIN JIANG ကုန်တင်သင်္ဘောပေါ်တွင် ကုန်တင်ကုန်ချ ကြီးကြပ်ဝန်ထမ်း အသက် ၆၄ နှစ် အရွယ်ရှိ ဦးအောင်မြင့်သည် ကုန်တင်ကုန်ချလုပ်ငန်း ကြီးကြပ်ရန် ၁၅ ပေ အမြင့်ရှိ သံလှေကားမှ အဆင်းတွင် သင်္ဘောဝမ်းဗိုက်ထဲသို့ ခြေချော် ပြုတ်ကျကာ ဘယ်ဘက်ချိုစောင်းတွင် ဒဏ်ရာရ၍ သေဆုံးခဲ့ကြောင်း သေဆုံးမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဖြစ်တာက ရုတ်တရက်ကြီး၊ သူနဲ့ အရမ်းရင်းနှီးတဲ့ တရုတ်နိုင်ငံသား တစ်ဦးဆို ငိုတောင်ငိုတယ်၊ ဆုံးသွားတဲ့သူက မန်နေဂျာရဲ့ လူယုံလေ။ အလုပ်လုပ်တာလည်းကြာပြီ” ဟု လုပ်ငန်းခွင်မှ မျက်မြင်တွေ့ရှိသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ သေဆုံးခဲ့သူသည် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ နွယ်နီ (၁၆) လမ်းတွင် နေထိုင်သူဖြစ်ပြီး သေမှုသေခင်း အမှတ်၂၈/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဆိပ်ကမ်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
Photo: သင်္ဘောဝမ်းဗိုက်ထဲသို့ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ဇူလိုင်လ ၁၁ ရက် ၂၀၁၃

0 comments:

Post a Comment