Tuesday, July 23, 2013

ပါလက်စတိုင်းနှင့် ပြန်လည် စတင်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခက်ခဲ မည်ဟု အစ္စရေး သတိပေး


၂၀၁၀ ပြည့်နှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သော ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြန်လည် စတင်မည့် ယခု ဆွေးနွေးပွဲသည် ခက်ခဲမည် ဖြစ်သည်ဟု အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက အစ္စရေး ဝန်ကြီးအဖွဲ့ကို သတိပေး ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။

အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် ၂၀၁၀ ပြည့်နှစ်ကတည်းက ရပ်ဆိုင်း ထားခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည် စတင်ရန် ပြင်ဆင် သည့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ကတိပြုခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက သောကြာနေ့က ပြောကြား သည်။

“တွေ့ဆုံ ဆွေးနွေးမှုဟာ လွယ်ကူမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီဆွေးနွေးပွဲကို ရိုးရိုးသားသား နဲ့ ဆွေးနွေးသွားမှာပါ” ဟု အစ္စရေး ဝန်ကြီး အဖွဲ့နှင့် အပတ်စဉ် ဆွေးနွေးပွဲတွင် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟု က ပြောကြားခြင်းဖြစ်သည်။

ပါလက်စတိုင်းနှင့် ယခု ပြုလုပ်မည့် တွေ့ဆုံ ဆွေးနွေးပွဲတွင် သဘောတူ စာချုပ် မူကြမ်း ရရှိခဲ့ပါက အဆိုပါ မူကြမ်းကို လူထု သဘောထား ဆန္ဒ ခံယူပွဲ ကျင်းပမည်ဟုလည်း အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ပြောကြားသည်။

၎င်း၏ ပါတီမှ ဝန်ကြီး နှစ်ဦးဖြစ်သူက ပါလက်စတိုင်းတို့ လက်မခံသည့် အနောက်ဘက် ကမ်းခြေ အိမ်ရာများ ချဲ့ထွင်မှုကို ရပ်တန့်မည် မဟုတ်ဟု ပြောကြားလိုက်ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုက ယခုကဲ့သို့ သတိပေးစကား ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

“အိမ်ရာ ချဲ့ထွင်မှုကို ရပ်တန့်မှာ မဟုတ်” ဟု နေတန်ညာဟု၏ လီကွတ် ပါတီဝင်ဖြစ်သော အစ္စရေး သယ်ယူ ပို့ဆောင်ရေး ဝန်ကြီး Israel Katz က အစ္စရေး ပြည်သူ့ ရေဒီယိုတွင် ပြောကြားခဲ့သည်။

ထို့ပြင် အိမ်ရာ ချဲ့ထွင်မှုကို ရပ်တန့်ခြင်းကို ဆန့်ကျင်ကြောင်း၊ ယင်းသို့ လည်း ဖြစ်လာမည်ဟု မထင် ကြောင်း၊ အိမ်ရာ ချဲ့ထွင်မှုသည် ခိုင်ခိုင်မာမာနှင့် တိုးတက်နေကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် အနောက်ဘက် ကမ်းခြေနှင့် အရှေ့ ဂျေရုဆလင်တွင် အစ္စရေးတို့၏ အိမ်ရာ တိုးချဲ့ တည်ဆောက်နေ မှုကို ရပ်တန့်ရန် ကိစ္စ သဘောတူညီမှု မရခဲ့ခြင်းကြောင့် ပျက်ပြားသွားခဲ့သည်။

The Voice Weekly



0 comments:

Post a Comment