Friday, July 12, 2013

ယခုနှစ် ဇူလိုင်လအထိ အမျိုးသမီး ၆၀ လူကုန်ကူးခံရပြီး ယခင်နှစ်ထက် လျော့နည်း

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လအထိ လူကုန်ကူးခံရသည့် အမျိုးသမီးဦးရေ ၆၀ ရှိပြီး ယင်းအရေအတွက်မှာ ယခင်နှစ် ဇူလိုင်လအထိ ဖြစ်ပေါ်သည့် အရေအတွက်ထက် ပိုမို လျော့နည်းသည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ စာရင်းဇယားများအရ သိရသည်။

ယခုနှစ်တွင် ဇူလိုင်လအထိ လူကုန်ကူးမှုပေါင်း ၃၀ ရှိရာမှ အမျိုးသမီး လူကုန်ကူးခံရသည့် အမှုပေါင်း၂၂ မှုရှိပြီး အမျိုးသမီးဦးရေ ၆၀ လူကုန်ကူး ခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ်ကမူ အမှုပေါင်း ၆၄ မှု ရှိပြီး လူကုန်ကူး ခံရသည့် အမျိုးသမီးဦးရေ ၈၇ ဦး ရှိခဲ့သည်။ ယခုနှစ် အမျိုးသမီးလူကုန်ကူးခံရသူ ဦးရေ ၆၀ တွင် အရွယ်ရောက်ပြီးသူ အမျိုးသမီး ၄၈ဦးနှင့် ကလေးသူငယ် ၁၂ ဦး ပါဝင်သည်။

ယင်းသို့ လူကုန်ကူးခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒုရဲအုပ် မိုးကျော်သူက “ ပြည်ပကို မရောက်ခင် နယ်စပ်မှာ ကြိုတင် တားဆီး ကယ်တင်လိုက်တဲ့ အမျိုး သမီးတွေလည်း ပါတယ်၊ တချို့က တရုတ်ပြည်ဘက်ရောက်ပြီးမှ ထွက်ပြေးလွတ်မြောက်လာပြီး တရုတ် ရဲစခန်းကတဆင့်မြန်မာနိုင်ငံဘက်ကို လွှဲပြောင်း ကယ်တင်ရတာ ရှိပါတယ် ”ဟု ပြောသည်။

အမျိုးသမီး လူကုန်ကူးခံရမှုများတွင် ရှမ်းပြည်နယ်သည် အရေအတွက် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ပဲခူး ဖြစ်သည်။ တတိယအများဆုံးမှာ ရန်ကုန်နှင့် ကချင်ဒေသများ ဖြစ်သည်။ အမျိုးသမီး လူကုန်ကူးခံရသည့် အမှုများတွင် အဓမ္မ လက်ထက်ထိမ်းမြားခြင်းမှာ အများဆုံးဖြစ်ပြီး အဓမ္မ ပြည့်တန်ဆာပြုခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ အဓမ္မ မွေးစားခြင်းတို့လည်း ပါဝင်သည်။

ရှမ်းပြည်နယ်အတွင်း အမျိုးသမီးလူကုန်ကူးခံရမှု အများဆုံးဖြစ်နေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် “ပြည် နယ်တွင်း ဆင်းရဲနွမ်းပါးမှုကို လျော့ချပေးရန်” လိုနေသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက မဇ္ဈိမကို ပြောသည်။

လူကုန်ကူးခံရသည့် အမျိုးသမီးများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ပြန်လည် လွဲပြောင်းပေးမှုများ ရှိခဲ့ရာ ၂၀၁၃ခုနှစ် ဇူလိုင်လအထိ ၈၂ဦးကို ပြန်လည် လွဲပြောင်းပေးရာ တရုတ်နိုင်ငံမှ ၅၀ ဦးနှင့် ထိုင်းနိုင်ငံ မှ ၃၂ ဦး ပါဝင်သည်။

၂၀၁၂ခုနှစ် တစ်နှစ်လုံးအနေဖြင့် အမျိုးသမီး လူကုန်ကူးခံရသူ ၂၀၄ ဦး ရှိခဲ့သည်။

MIizzima
Photo: ယခုနှစ် ဇူလိုင်လအထိ အမျိုးသမီး ၆၀ လူကုန်ကူးခံရပြီး ယခင်နှစ်ထက် လျော့နည်း

12.7.2013

0 comments:

Post a Comment