Friday, July 12, 2013

မြန်မာ့စိန်တလုံးသရက်သီးကို တရုတ်နိုင်ငံက စင်ကာပူနဲ့အပြိုင် ဈေးပေးဝယ်ယူနေ

... နိုင်ငံတကာ သစ်သီးဝလံဈေးကွက်တွင် တစ်စတစ်စနာမည်ရလာပြီး
ဈေးကွက်ဝေစုပါ ရရှိလာခဲ့သော မြန်မာနိုင်ငံထွက် စိန် တလုံး သရက်သီးကို တရုတ်နိုင်ငံဘက်မှ သစ်သီးဝလံကုန်သည်များအနေနှင့် စင်ကာပူနိုင်ငံမှ ကုန်သည်များနဲ့အပြိုင် တစ်တန်လျှင် ဒေါ်လာ ၁,၂၀၀ အထိ ဈေးပေးဝယ်ယူ လျှက်ရှိနေပြီး၊ ယင်းပေါက်ဈေးနှုန်းသည် မြန်မာ့သရက်သီးသမိုင်း
တစ်လျှောက် အမြင့်ဆုံးဈေးဖြစ်လာကြောင်း သရက်သီးလုပ်ငန်းရှင်များထံမှ သိရသည်။

“အခုတရုတ်ကွမ်ကျိုးမြို့ကနေ ရှမ်းပြည်တောင်ပိုင်းကထွက်တဲ့ စိန်တလုံး
သရက်ကို တစ်တန်လျှင်ဒေါ်လာ ၁,၂၀၀ ပေးဝယ်တယ်။ သရက်သီးကတော့ တစ်လုံးတစ်လုံး ၃၅၀ ဂရမ်အထက်ရှိဖို့လိုတယ်။ ပြီးတော့ ပြောင်ချောနေပြီး အိတ်စွပ်ထားဖို့လည်းလိုတယ်”ဟု မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့
ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

ယင်းမြန်မာ့စိန်တလုံးသရက်သီးကို တရုတ်နိုင်ငံမှ တစ်တန်အမေရိကန်
ဒေါ်လာ ၁,၂၀၀ ဖြင့် ဈေးပေးဝယ်ယူခြင်းသည် မြန်မာမှ စင်ကာပူသို့ ပို့ကုန်အဖြစ်တင်ပို့သည့် ဈေးနှုန်းနှင့် တူညီလာသည့်အပြင် တရုတ် နိုင်ငံ
အနေနှင့် စင်ကာပူနိုင်ငံဈေးနှုန်းကို ထပ်တူ ပေးဝယ်ခြင်းသည် သမိုင်း
တစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်လာ ကြောင်း တရုတ်နှင့်စင်ကာပူသို့ သရက်သီးတင်ပို့သည့် လုပ်ငန်းရှင်များက ဆိုသည်။

“စင်ကာပူပို့ရင်လည်း တစ်တန် ဒေါ်လာ ၁,၂၀၀ အများဆုံးရတယ်။ အခု
တရုတ်ကလည်း စင်ကာပူနဲ့အညီ ဈေးပေး ၀ယ်လာတယ်။ အခု ၀ယ်နေတဲ့ တရုတ်ပြည်က ကွမ်ကျိုးမြို့တို့၊ ရှန်ဟဲတို့၊ ပီကင်းတို့ဆိုတာ စီးပွားရေးအချက်အချာကျတဲ့ မြို့ကြီးတွေဘဲ။ သူတို့ကလည်း ဒီကသရက်သီး
ကို ပြန်ထုပ်ပိုးပြီး ပို့ကုန်အဖြစ်နဲ့ ရောင်းကြတယ်”ဟု ဒေါ်သန်းသန်းဆွေက
ပြောကြားသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် မူဆယ်-ရွှေလီ သရက်ဈေးကွက်တွင်
မြန်မာ့စိန်တလုံးသရက်သီးအလုံးအရေ ၃၀ မှ ၅၀ အကြား ပါဝင်သော ၁၅ ကီလိုအလေးချိန်ရှိသည့် သရက်သီးဂျပ်ဖာ တစ် ဖာလျှင် တရုတ်ယွမ်ငွေ ၁၂၀ နှင့်အထက် ပေါက်ဈေးရှိနေပြီး ငွေကြေးလဲလှယ်မှု နှုန်းအရ တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာ ငွေကျပ် ၁၃၅ ကျပ်မှ ၁၄၅ ကျပ်အတွင်း
ပေါက်ဈေးရှိနေကာ တစ်တန်လျှင် သရက်သီးဂျပ်ဖာ ၆၆ ဖာ ရှိကြောင်း မူဆယ်မြို့ရှိ သရက်သီးကုန်သည်များထံမှ သိရသည်။

တရုတ်နိုင်ငံဘက်မှ သစ်သီးဝလံ ကုန်သည်များသည် ပုပ်ကုန်အမျိုးအစား
တွင်ပါဝင်သော မြန်မာ့စိန်တလုံး သရက် သီးကို နှစ်စဉ်နှစ်တိုင်း နယ်စပ်ဈေးကွက် တွင် ဈေးနှိမ်ဝယ်ယူလေ့ရှိကာ ယမန်နှစ် သရက်သီး
ပေါ်ဦးပေါ်ဖျားကာလတွင် ၁၅ ကီလို သရက်ဂျပ်ဖာ တစ်ဖာလျှင် တရုတ်ငွေ
ယွမ် ၈၀ မှ ၁၀၀ အကြားသာပေးဝယ်ပြီး သရက်ပေါများချိန်တွင် တစ်ဖာလျှင် ယွမ် ၇၀ အောက် ဈေးနှိမ်ဝယ်ယူလေ့ရှိကြောင်း ပြည်တွင်းမှ သရက်သီး
လုပ်ငန်း ရှင်များထံမှသိရသည်။

“အရင်နှစ်တွေက ပြည်တွင်းကနေ သရက်သီးအထွက်ကောင်းလို့ ဒီ(မူဆယ်)
ကို ကုန်ကားတွေနဲ့ တက်လာတယ်။ တရုတ် ကုန်သည်တွေက ဈေးကို
ဖြုတ်ချပစ်တယ်။ ဒီနှစ်တော့ အောက်ပိုင်း(ပြည်တွင်း)မှာ သရက်သီး
အထွက်နည်းတော့ မကြုံစဖူး ဈေးရလာတဲ့ပုံစံပဲ။ နောက်ပြီး စိန်တလုံး
သရက်သီးကို နိုင်ငံခြားမှာ အကြိုက်များလာတာပါတယ်”ဟု မူဆယ်မြို့မှ သရက်ကုန်သည်တစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် သရက်စိုက်ဧက ၂၀,၀၀၀ ကျော်ရှိကာ စိန်တလုံး သရက်သီးအကောင်းဆုံး ထွက်ရှိသည့် ဒေသများမှာ မန္တလေးမြို့နှင့် အနီးဝန်းကျင် ဖြစ်သည့် ပလိပ်၊ ကျောက်ဆည်၊ တံတားဦး၊ ပုသိမ်ကြီး၊ မြစ်ငယ်၊ စဥ့်ကိုင်၊ အုန်းချော၊ ဟန်မြင့်မိုရ်စသည့် နယ်ပယ်တို့မှ ထွက်ရှိပြီး၊ ယခုနှစ်တွင် အဆိုပါဒေသတို့ရှိ သရက် ခြံများ၌ သရက်အပွင့်တွင် မှိုဖြူ၊ မှိုမဲများ ကျရောက်ခဲ့သဖြင့် သရက်သီး အထွက်နည်း ခဲ့ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်မှစတင်၍ တရုတ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ ပြည်တွင်း
မှ သရက်ခြံလုပ်ငန်းရှင်အချို့ ဦးဆောင်ကာ သရက်သီးကို နိုင်ငံခြားပို့ကုန်
အဖြစ် စတင် တင်ပို့နိုင်ခဲ့ပြီး စင်ကာပူနိုင်ငံကိုမူ ၂၀၁၀ ခုနှစ်တွင် စတင်တင်ပို့နိုင်ခဲ့ကြောင်း သရက်လုပ်ငန်းရှင်များထံမှ သိရသည်။

- ကျော်သူရမျိုး
http://thefarmermedia.com/
Photo: မြန်မာ့စိန်တလုံးသရက်သီးကို တရုတ်နိုင်ငံက စင်ကာပူနဲ့အပြိုင်
ဈေးပေးဝယ်ယူနေ

ဇူလိုင်လ ၁၂ ရက် ၂၀၁၃

0 comments:

Post a Comment