Monday, July 29, 2013

အစိုးရ သတင်းစာတွင် နိုင်ငံသား အကျဉ်းသားဟု သုံးနှုန်းခြင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန၏ သုံးနှုန်းခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောသည်ဟုဆို

ဇူလိုင်၂၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံသား အကျဉ်းသား ဟု သုံးနှုန်းခြင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန၏ သုံးနှုန်းခြင်းဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်း သားများ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဇူလိုင် ၂၇ ရက်တွင် ရန်ကုန်မြို့ Myanmar Peace Center ၌ပြုလုပ်သော ၎င်းကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။

အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ AAPP နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့၏ တင်ပြချက်အပေါ် ၀န်ကြီးက ထိုသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ် သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြားသည်။
ထို့အပြင် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းက နောက်နောင် တွင် ယခုထက်ပိုမို ကောင်းမွန်သည့် အသုံးအနှုန်းကို ပြောင်းလဲသုံးစွဲသွား ရန်အတွက် ကော်မတီ အနေဖြင့် ကြိုးစားမည်ဟုလည်း ပြောကြားခဲ့သည်ဟု ဦးရဲအောင်က ဆက်လက်ပြောကြားသည်။
"ပြန်ကြားရေး ၀န်ကြီးဌာနကတောင် နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အသုံးအနှုန်းကို သုံးဖို့အတွက် လက်တွန့်နေသေးတယ်။ မသုံးနှုန်းရဲသေးဘူး။ Mindset တွေ ပြောင်းဖို့အတွက်ကတော့ နည်းနည်း အချိန်ယူရဦးမယ်။ ဒါကိုလည်း နားလည်မှုပေးဖို့။ တဖြည်းဖြည်းချင်း ပြောင်းလဲအောင် လုပ်ဖို့ကို လည်း ဆွေးနွေးဖြစ်ပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကော်မတီဝင် ဦးရဲအောင် က ပြော ကြားသည်။
ဇူလိုင် ၂၃ ရက်က နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၇၃ ဦးအနက် ၆၈ ဦးမှာ နိုင်ငံရေး အကျဉ်းသားများဖြစ်ပြီး ကျန်လူများမှာ နိုင်ငံရေး အကျဉ်းသား မဟုတ်ကြောင်း "ဘယ်သူပဲလွတ်လွတ် ကျွန်တော်တို့ ၀မ်းသာပါတယ်။ ဒါပေမဲ့ ဒီခေါင်းစဉ်အောက်မှာ လွှတ်ပေးတာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် နောက်နောင် ဒီလိုဖြစ်လာခဲ့ရင် ပုံစံခွဲလွှတ်ပေးဖို့ တင်ပြ သွားမယ်လို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်" ဟု ဦးရဲအောင်က ဆက်လက်ပြော ကြားသည်။
ယင်းအစည်းအဝေးသို့ မီဒီယာများ တက်ရောက်သတင်းရယူခွင့် မပြုဘဲ ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ တာဝန်ရှိသူများက မီဒီယာများအား အစည်းအဝေးနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားပေးခဲ့သည်။
နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန (၃)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို ဖေဖော်ဝါရီ ၆ ရက်က စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ကော်မတီ သက်တမ်းသုံးလကျော် အကြာတွင် လွှတ်တော်ကိုယ်စားလှယ်များ အပါအ၀င် အဖွဲ့ဝင် ၁၉ ဦးဖြင့် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
EMG 

0 comments:

Post a Comment