Thursday, July 11, 2013

ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ကျန်ရှိသည့် အမှု ၄၅ မှုမှ တရားခံ ၆၆၀ ကျော်ကို စစ်ဆေးနေ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကျန်ရှိနေသည့် အမှု ၄၅ မှုမှ တရားခံ ၆၆၀ ကျော်အား စစ်ဆေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးထိန်းလင်းက ဆိုသည်။

"အမှုကတော့ မျိုးစုံပါပဲ မီးရှို့တဲ့ ကိစ္စရပ်တွေ ပါတယ်။ လှုံဆော်ပေးတဲ့ ကိစ္စရပ်တွေ ပါတယ်။ အမျိုးမျိုးပေါ့။ အဲဒါတွေကလည်း သက်သေခိုင်ခိုင်လုံလုံနဲ့မှ တင်လို့ရတယ်။ ဒီအတိုင်းလုပ်လို့ မရဘူး။ တရားစီရင်ရေးကလည်း ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး ဖြစ်နေတဲ့အတွက် ခိုင်ခိုင်လုံလုံလေးနဲ့ တင်ပေးရတာရှိတယ်။ အချို့ကြန့်ကြာတယ် ဆိုတာကလည်း တရားရုံးမှ အမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ကို ပြန်ပြီးခုခံ ချေပတဲ့ စနစ်တွေရှိလို့ ကြန့်ကြာနေတာပါ။ မပြီးပြတ်သေးတဲ့ အမှုများကို အမြန်ဆုံး ဆောင်ရွက်နေပါတယ်" ဟု ဗိုလ်မှူးကြီးထိန်းလင်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များ၌ ဆူပူအကြမ်းဖက် မှုများတွင် ပါဝင်သူများအား ၂၇၉ မှု တရားစွဲတင်နိုင်ခဲ့ပြီး တရားခံ ၁၁၈၉ ဦးအား ဖော်ထုတ်အရေးယူ နိုင်ခဲ့ကြောင်း၊ ယင်းအမှုများတွင် အမှုပေါင်း ၁၉၅ မှုမှ တရားခံ ၅၀၇ ဦးအား ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပြီး အမှု ၂၁ မှုမှ တရားခံ ၈ ဦးအား အမှုပိတ်သိမ်းခဲ့ကာ အမှု ၆၃ မှုမှ တရားခံ ၆၆၂ ဦးအား စစ်ဆေးဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးထိန်လင်းက ဆိုသည်။

လက်ရှိ အစိုးရလက်ထက် ပထမဆုံး ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်သော ၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းနှင့် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအတွင်း ၂၁၁ ဦး သေဆုံးပြီး ၂၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

Eleven
Photo: ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ကျန်ရှိသည့် အမှု ၄၅ မှုမှ တရားခံ ၆၆၀ ကျော်ကို စစ်ဆေးနေ

ဇူလိုင်လ ၁၁ ရက် ၂၀၁၃

0 comments:

Post a Comment