Wednesday, July 31, 2013

ပြင်သစ်တွင် ကျောက်မျက်ရတနာပြပွဲ၌ ဖောက်ထွင်းမှုဖြစ်

ပြင်သစ်နိုင်ငံ ကမ်းရိုးတန်းဒေသ ကန်းမြို့တွင်းရှိ ကာလ်တန် အဆင့်မြင့် ဟိုတယ်တွင် ယူရို သန်း ၄၀
(အမေရိကန် ဒေါ်လာ ၅၃ သန်း) တန်ဖိုးရှိ စိန်နှင့် ကျောက်မျက်ရတနာများ ဇူလိုင် ၂၈ ရက်က ဖောက် ထွင်းခံခဲ့ရကြောင်း သိရသည်။ လတ်တလော နှစ်များအတွင်း ဥရောပ၏  အကြီးဆုံး စိန်ဖောက် ထွင်းမှုကြီးတစ်မှုလည်း ဖြစ်ကြောင်း ရဲဌာနက ပြောသည်။ အထူးကျွမ်းကျင်ရဲတစ်ဦး၏ အဆိုအရ ကျော်ဇောစာရင်းဝင် Pink Panther စိန်ခိုးဂိုဏ်းမှ မကြာမီက အချုပ်မှ လွတ်ခဲ့သည့် ဂိုဏ်းဝင်များ၏ လက်ချက်ဖြစ်နိုင်သည်ဟု ကောက်ချက်ချသည်။ ယင်းဟိုတယ်တွင် အစ္စရေးဘီလျံနာ သူဌေးကြီး လဗ်လီဗိုင်းပိုင် နာမည်ကြီး လီဗိုင်းစိန်တိုက်က ကျောက်မျက်ရတနာပြပွဲ ခင်းကျင်းပြသနေခြင်းဖြစ်ပြီး ယခု ကဲ့သို့ ဖောက်ထွင်းခံရခြင်းဖြစ်သည်။ ပြပွဲကို သြဂုတ်လကုန်အထိ ကျင်းပရန် စီစဉ်ထားသည်။ ရဲဌာန ပြောခွင့်ရတစ်ဦးက ဖောက်ထွင်းမှုဖြစ်ပွားသည်မှာ ယင်းနေ့ နေ့လယ်ခင်း အချိန်ခန့်က ဖြစ်ကြောင်း။ ဌာနေသတင်းဌာနများ ဖော်ပြသလို တစ်ကိုယ်တော် လက်နက်ကိုင် ဖောက်ထွင်းသမားက ရတနာတွေ သေတ္တာထဲ အပြည့်ထညဘ့်သိမ်းပြီး ဖျာခနဲ ထွက်ပြေးသွားသည်ဆိုသော သတင်းကိုမူ အတည်ပြုချက် မပေးနိုင်ကြောင်း ပြောကြားသည်။ စိန်တိုက်ပိုင်ရှင် ဘီလျံနာသူကြွယ်ကြီး လီဗိုင်းက “ကုမ္ပဏီ တာဝန်ရှိ သူများနဲ့ ဒေသဆိုင်ရာ ထောက်လှမ်းရေး အာဏာပိုင်များက ရတနာ ပျောက်ဆုံးမှုနောက် လိုက်နေပါပြီ။ စိတ်သက်သာစရာ ကောင်းတာက ဖောက်ထွင်းထုယက်မှုအတွင်း တစ်ဦးတစ်ယောက်မှ ဒဏ်ရာမရခဲ့ တာပါပဲ” ဟု သတင်းတို ထုတ်ပြန်သည်။ ဥရောပတွင် ရတနာသူခိုးများ၏ ဒဏ်ကို ပြီးခဲ့သည့် နှစ်များ အတွင်း ကြုံတွေ့ရင်ဆိုင်နေခဲ့ရသည်။ ဘယ်လ်ဂျီယံတွင် ဖေဖော်ဝါရီ ၁၈ ရက်က အန်တာဝပ် ကမ္ဘာ့ စိန်ရတနာစင်တာမှ ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိ စိန်များ ခိုးယူခံခဲ့ရသည်။ ခိုးရာပါ ရတနာများကို လေယာဉ်ပေါ်တင်၍ ဇူးရစ်သို့ ပျံသန်းထွက်ပြေးရန် ဖောက်ထွင်းဓားပြများက စီစဉ်ထားသော်လည်း ဖမ်းဆီးခံရကာ ရတနာများ ပြန်လည် ရရှိခဲ့သည်။

 (အေပီ)

0 comments:

Post a Comment