Tuesday, June 4, 2013

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် “အသိအမှတ်ပြု”ရန် UWSA တောင်းဆို

Tuesday, May 04, 2013


မြစ်ကြီးနား (မဇ္ဈိမ)။ ။ လက်ရှိ နိုင်ငံ ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အဆင့်သတ်မှတ်ထားသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရန် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ထပ်လောင်းတောင်းဆိုလိုက်သည်။

၎င်းတို့တွင် အစိုးရတရပ် ယန္တရားများ ပြည့်စုံနေပြီး အသိအမှတ်ပြု ရန် နိုင်ငံတော်အစိုးရ ထံ တောင်းဆိုထားသော် လည်း အစိုးရဘက်မှ အကြောင်းပြန်ကြားချက် တစုံတရာ မရှိသေးကြောင်း သိရသည်။

“ဝပြည်နယ် တောင်းတယ်ဆိုတာ ရှမ်းပြည်နယ်က ခွဲထွက်ဖို့ မဟုတ်ဘူး။ ဘယ်လူမျိုးမဆို ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို လိုလားကြတာပဲ။ ကျနော်တို့က ပြသာနာ မရှာပါဘူး။ လက်နက်ကိုင်ပြီး အစိုးရကို တော်လှန်ဖို့ မဟုတ်ဘူး။ ကျနော် တို့ ဝ က အစိုးရ ယန္တယားများ အားလုံး ရှိထားပြီးသားပါ။ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် အသိအမှတ်ပြုဖို့ကိုပဲ တောင်းဆိုတာပါ” ဟု ဝပြည်နယ် ပြင်ပဆက်ဆံရေး ဌာနကြီး၊ ဒုတိယ ဌာနကြီးမှူး ဦးဆမ်ခွန်း က မဇ္ဈိမကို ပြောသည်။

၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် သတ်မှတ် ဖော်ပြထားသည်။

မတ်လ အတွင်းက ကျင်းပခဲ့သည့် ရှမ်းနှင့်ကယား ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကွန်ဖရင့်တွင်လည်း ဝတပ်ဖွဲ့၏ သဘောထားအဖြစ် ပြည်နယ်တောင်းဆိုခဲ့ကြောင်း SHAN သတင်းတရပ်တွင် ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှ ပြည်နယ် အဆင့်သို့ တောင်းဆိုမှုတွင် အခြားသော တိုင်းရင်းသားလူမျိုးများ နည်းတူ အစိုးရနှင့် လက်တွဲ၍ ပြည်ထောင်စုအတွင်း အကျိုးတူ လုပ်ဆောင်မည် သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အတွင်း၌ ၎င်းတို့ ကိုယ်တိုင် စီမံအုပ်ချုပ်မည် ဆိုသည်ကိုမူ ကွဲပြားစွာ မရှင်းလင်းသေးကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုတိယ ဥက္ကဋ္ဌ ဦးခူးရယ် ပိုလာဘော က ပြောသည်။

“လက်ရှိအခြေအနေမှာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့ တချို့တွေကိုတော့ ပေးဖို့ ခွင့်ပြုထားတဲ့ သဘောတွေ ပါပါတယ်။ ဝရဲ့ တောင်းဆိုချက်က ဘယ်လောက် လက်တွေ့ကျပြီးတော့ အခြေခံဥပဒေက ခွင့်ပြုမပြုဆိုတာ မပြောနိုင်သေးပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ၌ အစိုးရ တပ်မတော် အင်အားပြီးလျှင် UWSA သည် ဒုတိယအကြီးဆုံး တပ်မတော် ဖြစ်ပြီး ဝ ဒေသအား လက်နက်ကိုင် ကျုးကျော်လာပါက နှိမ်နင်းမည်ဟုလည်း ဦးဆမ်ခွန်း က ပြောသည်။

“တပ်မတော်ပဲ ဖြစ်ဖြစ် တခြား အဖွဲ့အစည်းပဲဖြစ်ဖြစ် ကျနော်တို့ ဒေသကို လက်နက်ကိုင်ပြီး ကျုးကျော်တယ်ဆိုရင် မိမိကိုယ်ကို ပြန်ကာကွယ်ရမှာပဲ။ မိမိကိုယ်ကို ကာကွယ်ရင်းနဲ့ ရန်သူကို ပြတ်ပြတ်သားသား ချေမှုန်းပစ်မယ်” ဟု မဇ္ဈိမကို ပြောသည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် UWSA သည် စစ်သည် အင်အား ၃၀,၀၀၀ ခန့်နှင့် အ၇န်တပ်သား ၁၀,၀၀၀ ခန့်ရှိကာ ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိသည့် အင်အားအကြီးဆုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

UWSA အနေဖြင့် လက်ရှိအချိန်ထိ လက်နက်ကိုင်ဆောင်မှုကို စွန့်လွှတ်မည် မဟုတ်ဘဲ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ရရှိရန် ဆက်လက်စောင့်ကြည့် သွားမည်ဟု ဝပြည်နယ် ပြင်ပဆက်ဆံရေး ဌာနကြီး၊ ဒုတိယ ဌာနကြီးမှူး ဦးဆမ်ခွန်း က မဇ္စိမကို ပြောဆိုသွားသည်။

Mizzima News

0 comments:

Post a Comment