Tuesday, June 4, 2013

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ လားရှိုးဒုက္ခသည်များအားစားသောက်ကုန်လှူဒါန်းခဲ့

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နှင့် နိုင်ငံရေးအဖွဲ့အစည်းအချို့ တို့ပူးပေါင်း ကာ လားရှိုးမြို့ရှိ ဒုက္ခသည်များထံသို့ စားသောက်ကုန်ပစ္စည်းများနှင့် အ၀တ်အစားအချို့ကို လှူဒါန်း ခဲ့ကြောင်း ဒေသခံများ ထံက သိရှိရသည်။

အဆိုပါ အဖွဲ့အစည်းများသည် ဇွန်လ(၂)ရက်နေ့ နံနက်(၉)နာရီမှ ညနေ (၅)နာရီအထိ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လှူဒါန်းပစ္စည်းများမှာ ဆန် ၊ ဆီ ၊ ဆား ၊ ကုလားပဲ နှင့် စောင် များကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“လူတစ်ဦးကို ဆန်ခြောက်ပြည်ခွဲ၊ ဆီက ဗူးအလတ် ၂ ဗူး၊ ကုလားပဲက နို့ဆီ ဗူးတစ်ဗူးခွဲစီပျှမ်းမျှ ခွဲပေးတယ်၊ စောင်ကတော့အရေအတွက်နည်းမယ်ထင် တယ်၊ အဓိကကတော့ ဆိုင်ခန်းတွေဖျက်ဆီးခံလိုက်ရတဲ့သူတွေ အိမ်မ ရှိတော့တဲ့သူတွေအတွက် လှူဒါန်းတာ” ဟု လှူဒါန်းမှုတွင် ပါဝင်ကူညီ သည့် ဒေသခံ မဖြိုးက ပြောသည်။

လားရှိုးမြိုကတွင် ပုဒ်မ(၁၄၄)ထုတ်ပြန်ထားပြီးနောက် ဆူပူအကြမ်းဖက်မှုများ သိသာစွာ လျှော့ကျသွား ခြင်းကြောင့် မိမိတို့၏နေအိမ်များသို့ ပြန်လည် သွားရောက်နေထိုင်လိုသူများကို မြို့နယ်သက်ဆိုင်ရာ အဖွဲ့ဝင်များ ၏ စောင့်လျှောက်မှုဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

“တစ်ခြားရပ်ကွက်တွေကတော့ သိပ်ပြီးစိုးရိမ်စရာမရှိတော့ဘူး၊ ရပ်ကွက် (၄)မှာနေတဲ့မြို့ခံတွေကတော့ အခုထိ စိတ်ချလက်ချမနေနိုင်သေးဘူး၊ အခုတော့သက်ဆိုင်ရာတွေက စောင့်ကျပ်ပေးနေလို့ ဖြစ်ခါစနေ့တွေ တုန်းကလို ရပ်ကွက်သူရပ်ကွက်သားတွေကိုယ်တိုင် မစောင့်ရတော့ပေမယ့် ကိုယ့်အိမ်ထဲမှာကိုယ်တော့ သတိဝီရိယနဲ့နေနေကြတုန်းပဲ” ဟု လားရှိုးမြို့ ရပ်ကွက်(၄)တွင် နေထိုင်သူတစ်ဦးက ပြောသည်။

လားရှိုးမြို့ရှိ ရပ်ကွက်(၄)နှင့်(၉)တို့တွင် အကြမ်ဖက်မှုများ ထပ်မံဖြစ်ပွား မည်ဆိုသည့် ကောလဟလသတင်းများထွက်ပေါ်နေခြင်းကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကြမှု ရှိနေကြသေးကြောင်း သိရှိရသည်။

“အခြေအနေကောင်းပါတယ်၊ အရမ်းစိုးရိမ်စရာမရှိတော့ပါဘူး” ဟု လားရှိုးမြို့ တွင် တာဝန်ကျနေသည့် ရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ကမ္ဘာ့စားနပ် ရိက္ခာ အဖွဲ့သည် လားရှိုးမြို့ မန်ဆူ ရှမ်းကျောင်း (နှီးဘုရား)ရှိ ဒုက္ခသည်များကို ဆန်တန်ချိန် (၂)တန် ကို လှူဒါန်းခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်များမှ ဒုက္ခသည်များကိုလည်း ဇွန်(၃)ရက်နေ့တွင် လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ လိုက်လံပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဆိုင်ခန်း(၃၂)ခန်း၊ မော်တော်ယာဉ် (၂)စီး၊ ရုပ်ရှင်ရုံ (၁)ရုံ၊ ဘာသာရေး အဆောက်အအုံ (၃)လုံး၊ မော်တော်ဆိုင်ကယ် (၁၁)စီးပျက်စီးဆုံးရှုံးခဲ့ပြီး လူ (၁)ဦး သေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ကြောင်း မေလ(၃၀)နေ့တွင် ပြန် ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အင်တာနက်စာမျက်နှာ ၌ ဖော်ပြချက်အရ သိရှိရသည်။
နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ ) /မြန်မာခရိုနီကယ်

0 comments:

Post a Comment