Tuesday, June 4, 2013

ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှုများမှာ နိုင်ငံတကာထက် ပိုမိုများပြားနေ

Tuesday, June 04, 2013


ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွား ခဲ့သော လေယာဉ်မတော် တဆမှုများမှာ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှုများထက် ပိုမိုများပြားနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်မှ နှစ်အလိုက် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှု ဖြစ်စဉ်များအား ထုတ်ပြန်သော စာရင်းများတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း နိုင်ငံတကာ၌ လေယာဉ်မတော်တဆမှု ဖြစ်ပွားမှုနှုန်းမှာ ၄ ဒသမ ၁၇ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံ၌ ၁၆ ဒသမ ၆၁ ရာခိုင်နှုန်းထိ ရှိခဲ့သည်။

အဆိုပါ နိုင်ငံများမှာ အာရှ၊ သမုဒ္ဒရာပိုင်း၊ မြောက်အမေရိက၊ ဥရောပ၊ အာဖရိက စသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ဖော်ပြထားခြင်း ဖြစ်ပါသည်။
ယင်းပြင်၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများ၏ မတော်တဆ ဖြစ်ခဲ့မှုများသည် ၂၀၁၀ ခုနှစ်တွင် ၃၃ မှု၊ ၂၀၁၁ ခုနှစ်တွင် ၄၆ မှုနှင့် ၂၀၁၂ ခုနှစ်တွင် ၅၇ မှုအထိ ရှိခဲ့ကြောင်း သိရသည်။

''တစ်နှစ်ထက်တစ်နှစ် လေယာဉ် မတော်တဆမှုတွေ ပိုဖြစ်လာရတဲ့ အကြောင်းရင်း က လေကြောင်းလိုင်းတွေက လေယာဉ်အသစ်တွေ ထပ်မံဝယ်ယူလာကြခြင်းနဲ့ လေယာဉ်ပျံသန်းချိန်တွေ ပိုများလာရခြင်းကြောင့် ဖြစ်ပါတယ်။ လေယာဉ်မတော်တဆမှုတွေကို ကာကွယ်နိုင်ဖို့ အတွက် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အချက်တွေ ဖော်ထုတ်ပြီး လုပ်ဆောင်နေ ပါတယ်'' ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောပါသည်။

မေ ၂၇ ရက်က ပြုလုပ်သော လေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အစည်းဝေးတွင် လေကြောင်းလိုင်းများ လိုက်နာဆောင်ရွက်ရမည့် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်သည့် အချက် ၆ ချက်အား ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အချက်များမှာ Accident Prevention အတွက် Aviation Safety အား ဂရုစိုက် လုပ်ဆောင်သွားရန်၊ လေကြောင်းလိုင်းများအလိုက် Safety Management System အား ပီပြင်စွာ လုပ်ဆောင်သွားရန်၊ ICAO ၏ Standard and Recommended Practice များအတိုင်း လိုက်နာကျင့်သုံးသွားရန်၊ Information နှင့် Knowledge sharing လုပ်ဆောင်သွားရန်၊ ဖြစ်ပွားခဲ့သော မတော်တဆမှုများအပေါ် ပြန်လည်သုံးသပ်၍ နောက်မဖြစ်ပွားစေရန် တားဆီးကာကွယ် လုပ်ဆောင်သွားရန်နှင့် လေသူရဲများမှ Adjustment နှင့် Decision မမှားရန် Emegency Procedure များ လေ့ကျင့်သွားရန်တို့ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment