Wednesday, June 5, 2013

SEA GAMES လက်ဆောင်များ အကျိုးရှိအောင် ဆက်လက် ဆောင်ရွက်


SEA GAMES လက်ဆောင်များ အကျိုးရှိအောင် ဆက်လက် ဆောင်ရွက်



၂ဝ၁၃ ခုနှစ် ဒီဇင်ဘာတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရန် တဖြည်းဖြည်း နီးကပ် လာခဲ့ပြီ။ ရက်ပေါင်း ရေသော် ၂ဝဝ ကျော်ခန့်သာ လိုတော့သည်။

ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ နာယက ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၏ ဦးဆောင် လမ်းညွှန်မှု၊ ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ၄၄ နှစ်ကြာ ကျင်းပခွင့် မရရှိသည့် ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရေး အတွက် အားကစား ဝန်ကြီး ဌာနမှ တာဝန် ရှိသူများ၊ ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဖွဲ့စည်း တာဝန် ပေးအပ်ထားသော ကော်မတီ အသီးသီးမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ် များမှ တာဝန် ရှိသူများ၊ အားကစားနည်း အလိုက် တာဝန်ခံများ၊ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစား သမားများ အစွမ်းကုန် ကြိုးစား ဆောင်ရွက် နေကြသည်ကို ကြားသိ တွေ့မြင် နေရသည်။ ကဏ္ဍနယ်ပယ် အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာ ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေး အသင်းအဖွဲ့ အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနုပညာရှင် များပါမကျန် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး အဆင့်မီမီ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် အောင်မြင်မှု များ ရရှိရေး အတွက် အမျိုးသားရေး စိတ်ဓာတ်ဖြင့် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် နေကြသည်ကို ကြားသိ တွေ့မြင်နေရသဖြင့် မိမိ အနေဖြင့်လည်း ကျရာကဏ္ဍ၊ တတ်စွမ်းသည့် ဘက်မှ ကူညီ ဆောင်ရွက် လိုစိတ်များ တဖွားဖွား ပေါ်ပေါက် လာမိသည်။ အားကစားကို စိတ်ပါဝင်စားသူ၊ ကိုယ်တိုင်လည်း ပါဝင် ကစားခဲ့သူ တစ်ယောက် အနေဖြင့် အားကစား တိုးတက်ရေး အတွက် ဖြစ်စေချင်သည့် ဆန္ဒများ၊ ဖြစ်သင့်သည့် အစီအမံများကို စိတ်ရင်း အမှန်ဖြင့် မျိုးချစ်စိတ် အရင်းခံကာ အကြံပြု တင်ပြ လိုပါသည်။

ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပသည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ အနေဖြင့် ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၂၇ ခု၊ ကြေးတံဆိပ် ၄၂ ခု စုစုပေါင်း ၈၅ ခုဖြင့် နိုင်ငံအလိုက် အဆင့် ခုနစ်နေရာ၌ ရပ်တည် နိုင်ခဲ့သည်။ ယခု ၂ဝ၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ရွှေတံဆိပ် ၁ဝဝ ကျော် ရရှိအောင် မျှော်မှန်း၍ ကြိုးစား ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။ လက်ရှိ အနေအထား အရ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ် အသီးသီးတွင် အရည်အသွေး ပြည့်ဝသော အားကစား သမား မျိုးဆက်သစ်များ ရှားပါးနေချိန် အားကစားနည်း အလိုက် မြန်မာ့ လက်ရွေးစင် အားကစားသမား အများစုမှာ အသက်အရွယ်ရ ကစားသမား အများစု ဖြစ်နေသည်ကို သိရှိသော်လည်း စိတ်ဓာတ်ကျ စကားမဆို၊ ခေါင်းဆောင်ကောင်း ပီသစွာဖြင့် ရှိပြီးသား အင်အားကို အရင်းတည် ရနိုင်သမျှ၊ ထွက်နိုင်သမျှ အားကစား သမား မျိုးဆက်သစ် များကို နည်းလမ်း ပေါင်းစုံဖြင့် ရှာဖွေ စခန်းသွင်း၊ အုပ်ချုပ်/ ထောက်ပံ့မှုများ အစွမ်းကုန် ဖြည့်ဆည်းပေး၊ အရည်အသွေး ပြည့်ဝသည့် နိုင်ငံခြား နည်းပြများ ခေါ်ယူ၊ ပြည်တွင်းမှ အတွေ့အကြုံရှိ နည်းပြများ ထပ်ဆောင်း၊ လေ့ကျင့်ရေး အဆောက်အအုံ

များ၊ အထောက်အကူ ပစ္စည်းများ ပြည့်ပြည့်ဝဝ တည်ဆောက်ပံ့ပိုး၊ နည်းစနစ် မှန်မှန်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ရေး အခါမလပ် ကြပ်မတ်စစ်ဆေး၊ ဘက်ပေါင်းစုံမှ တွေးတောကြံဆ၊ အားလုံးဝိုင်းဝန်း ပူးပေါင်း လုပ်ဆောင်ကြရန် တိုက်တွန်း ဆောင်ရွက် ကိုယ်တိုင်လည်း အပင်ပန်းခံ ဆောင်ရွက်နေ သည့် ပြည်ထောင်စု ဝန်ကြီး၏ သတင်းများ ကိုလည်း ကြားသိ နေရပါသည်။ အမိမြေ ပေါ်တွင် ၄၄ နှစ်ကြာမှ ပြန်လည် ကျင်းပခွင့် ရနိုင်ချိန်တွင် အိမ်ရှင်အဖြစ် အောင်အောင်မြင်မြင် လက်ခံ ကျင်းပနိုင်ရေး အတွက် ဘက်ပေါင်းစုံမှ အတွေ့အကြုံ ရှိသူများ နည်းပါး နေချိန်ဖြစ်၍ အရာရာ စေ့စေ့စပ်စပ် ဆောင်ရွက်နိုင်မှ တန်ကာ ကျပေလိမ့်မည်။

အားကစား အောင်မြင်ရေး အတွက် လတ်တလော အချိန်တိုအတွင်း ဆောင်ရွက်၍ ရနိုင်သည့် ကိစ္စမျိုးတော့ မဟုတ်၊ အားကစား ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတိုင်း နိုင်ငံတိုင်း ရေတို/ရေရှည် စီမံကိန်းများ ချမှတ် ဆောင်ရွက် နေကြသည်။ နိုင်ငံတော်၏ ဘဏ္ဍာ ငွေကြေးများ ရင်းနှီး မတည် သုံးစွဲရသလို စီးပွားရေး လုပ်ငန်းရှင်များ အကူအညီ၊ Sponsor များ၏ အထောက်အပံ့ဖြင့် ဘက်ပေါင်းစုံမှ ပူးပေါင်း ဆောင်ရွက် ကြရသည်။ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် ယခု SEA GAMES ပြိုင်ပွဲကြီးတွင် မိမိ နိုင်ငံ၏ အားကစား အဆင့်အတန်းကို အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ရှုမြင် သုံးသပ်ပြီး မြန်မာ့ အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရေး ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အစီအမံများ ခိုင်ခိုင်မာမာ ချမှတ် ဆောင်ရွက်ကြရန် လိုသည်ဟု ယူဆ မိပါသည်။

ယခု SEA GAMES ပြိုင်ပွဲကြီးကို အကြောင်းပြု၍ နိုင်ငံတော်မှ ငွေကြေး များစွာ စိုက်ထုတ် သုံးစွဲပြီး အားကစား ဖွံ့ဖြိုး တိုးတက်ရေး အတွက် မရှိမဖြစ် လိုအပ်သည့် Infrastructure များ တည်ဆောက်ခဲ့သည်။ နိုင်ငံတကာ အဆင့်မီ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းကြီး၊ ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံ အားကစားရုံ၊ ဝဏ္ဏသိဒ္ဓိ ရေကူးကန်နှင့် ဒိုင်ဗင်ရုံ၊ မြားပစ်၊ ဝူရှူး၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ စက်ဘီး (Road Race)၊မြင်းစီး စသည်တို့ ပါဝင်သည့် ဝဏ္ဏသိဒ္ဓိ Sports Complex ၊ ဇေယျာသီရိ ဘောလုံးကွင်းကြီးနှင့် အတူ ဂျူဒို၊ ပန်ကြပ်ဆီလပ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော အားကစားရုံများ ပါဝင်သည့် ဇေယျာသီရိ Sports Complex, Cluster (၁)မှ (၁ဝ)အထိ ပါဝင်သည Sports Village ၊ မန္တလေး ချမ်းမြသာစည် ဘောလုံးကွင်း တို့အား တည်ဆောက် ခဲ့ရသည်။

ဤကဲ့သို့ နိုင်ငံတော်မှ ငွေကြေး အရင်းအနှီး မြောက်မြားစွာ ကျခံသုံးစွဲ တည်ဆောက်ထားသော Infrastructure များဖြစ်သော အားကစားကွင်း/ ရုံများ၊ အားကစား

ရွာများကို အသုံးပြု၍ မြန်မာ့ အားကစား အဆင့်အတန်း တိုးတက် မြင့်မား လာစေရေး အတွက် အကျိုးရှိရှိ ဆက်လက် သုံးစွဲ သွားကြရန်မှာ နိုင်ငံတော် အပိုင်းမှ တာဝန် ရှိသူများ၊ အားကစားဘက် ဆိုင်ရာမှ တာဝန် ရှိသူများ၊ အားကစား လောကသားများတွင် အဓိက တာဝန် ရှိနေပါသည်။ ယခင်က နိုင်ငံတကာ အဆင့်မီ အားကစားကွင်း/ ရုံများမရှိ၍ မြန်မာ့ အားကစား အဆင့်အတန်း နိမ့်ကျ ခဲ့ရပါသည်ဟု လွယ်လွယ် ဆင်ခြေပေး၍တော့ မရနိုင်တော့ပါ။ ငွေကြေးများစွာ ရင်းနှီး မြှုပ်နှံ၍ ဆောက်လုပ် ထားသော ဤကွင်း/ရုံများ၊ Village များကို ပွဲပြီး မီးသေ မဖြစ်စေရေး ယခု ကတည်းက ကြိုတင် စီမံချက် ချထား ဆောင်ရွက်သင့်သည်။ SEA GAMES ပြီးသည့် နောက်ပိုင်း ကာလများတွင် တည်ဆောက်ပြီး ကွင်း/ရုံများကို အကျိုးရှိအောင် မည်သို့ ဆက်လက် အသုံးချမည်နည်း ဆိုသည့် မှန်ကန်သည့် မဟာဗျူဟာ စီမံချက်များ ချမှတ်နိုင်ဖို့ အထူး လိုအပ်နေပြီ ဖြစ်ပါသည်။

အရှေ့တောင် အာရှ နိုင်ငံများတွင် ထိပ်တန်းက ရပ်တည်နေသည့် ထိုင်းနိုင်ငံတွင် အားကစား သိပ္ပံများ၊ အားကစား တက္ကသိုလ်များ၊ အားကစားနည်း အလိုက် အကယ်ဒမီများ ဖွင့်လှစ်၍ အားကစား မျိုးဆက်သစ်များ မွေးထုတ်နေသည်။ အားကစား အသိ ပညာရှင်၊ အတတ် ပညာရှင်များ မွေးထုတ် ပေးနေသည်။ နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနေသည်။ အရှေ့တောင် အာရှ အဆင့်မှ အာရှ အဆင့်သို့ ထိုးဖောက် ဝင်ရောက်ပြီး ကမ္ဘာ့အဆင့် တက်လှမ်း နိုင်ဖို့ ကြိုးစားနေသည်။ မြန်မာနိုင်ငံ အနေနဲ့ ကတော့ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အဆင့်တစ်ဆင့် တက်ဖို့ မနည်း ရုန်းကန် နေရသည်။ အဓိက ကတော့ အားကစား ဝန်ကြီးဌာနက တာဝန်ရှိသူများ၊ အားကစား အဖွဲ့ချုပ် အသီးသီးမှ တာဝန် ရှိသူများ ကြိုးစား အားထုတ်မှု နည်း၍တော့ မဟုတ်၊ အားကစားနည်း အလိုက် အရည်အသွေး ပြည့်ဝသည့် မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်မှုက အားနည်း နေခြင်းကြောင့် ဖြစ်သည်။ မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်ဖို့ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးတွင် အားကစား သိပ္ပံများ၊ အားကစားနည်း အလိုက် အကယ်ဒမီများ ဖွင့်လှစ် နိုင်ဖို့လိုသည်။ ဗဟိုအဆင့်တွင် အားကစား တက္ကသိုလ် တစ်ခုတော့ မရှိမဖြစ် ရှိသင့်သည်။

ယခု အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် SEA GAMES ပြိုင်ပွဲကြီး အပြီးတွင် လက်ရှိ တည်ဆောက်ပြီး အားကစားကွင်း /ရုံများတွင် ဗဟို အဆင့်မှ ဦးစီး ကျင်းပသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများ၊ အားကစားနည်း အလိုက် အမျိုးသား တံခွန်စိုက် အားကစား ပြိုင်ပွဲများ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဖလား အားကစား ပြိုင်ပွဲများ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား အားကစား ပြိုင်ပွဲများ၊ ဝန်ကြီးဌာန ပေါင်းစုံ အားကစား ပြိုင်ပွဲများ၊ တက္ကသိုလ် ကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲများ၊ အခြေခံပညာ ကျောင်းပေါင်းစုံ အားကစား ပြိုင်ပွဲများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဖလား အားကစား ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပ သွားသင့်ပါသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ အနေဖြင့်လည်း ယခင်က ကဲ့သို့ အရည်အချင်း ပြည့်ဝသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများ ဖြစ်ပေါ် လာစေရေး အတွက် ရပ်ကွက်ပေါင်းစုံ၊ မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ၊ အားကစား ပြိုင်ပွဲများ ကျင်းပပြီး အရည်အချင်း ပြည့်ဝသည့် အားကစား သမားများအား စနစ်တကျ ရွေးချယ်စုစည်း လေ့ကျင့်ကာ မိမိတို့၏ ပြည်နယ်/တိုင်း ဒေသကြီး ကိုယ်စားပြု အားကစား အသင်းအဖွဲ့များ ဖြစ်စေရေး အောက်ခြေမှ စ၍ အဆင့်ဆင့် ပြိုင်ပွဲများ ကျင်းပ နိုင်အောင် စီမံဆောင်ရွက် သင့်ပါသည်။ အားကစား အသင်း အဖွဲ့များတွင် လိုအပ်သည့် စခန်းသွင်း လေ့ကျင့်စရိတ်၊ ဝတ်စုံစရိတ်၊ စားစရိတ်၊အထောက်အကူပြု ပစ္စည်းများ ဝယ်ယူစရိတ်၊ ပြိုင်ပွဲ ကျင်းပရေး စရိတ်များမှ အစ ပြည့်ပြည့်ဝဝ စီမံ ဆောင်ရွက်သင့်သည်။ အောက်ခြေခိုင်မှ ရေရှည် တည်တံ့နိုင်မည် ဖြစ်ပါသည်။

အလားတူ တည်ဆောက်ပြီး အားကစားကွင်း /ရုံများတွင် ပြည်တွင်း အားကစား ပြိုင်ပွဲများ ကျင်းပသည့် နည်းတူ အားကစားနည်း အလိုက် နိုင်ငံတကာ ဖိတ်ခေါ် အားကစား ပြိုင်ပွဲများ၊ နိုင်ငံတကာမှ အားကစား အသင်း အဖွဲ့များ၊ ဖိတ်ခေါ်၍ ပူးတွဲ လေ့ကျင့်သည့် Joint Trainingများ၊ နိုင်ငံတကာမှ တိုးတက် ပြောင်းလဲ လာသည့် နည်းစနစ်၊ နည်းဥပဒေ များအား အချိန်နှင့် တစ်ပြေးညီ သိရှိစေရေး အတွက် အားကစားနည်း အလိုက် ဒိုင်/ဂျူရီ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ် ဆောင်ရွက် သွားသင့်သည်။ ထို့ပြင် တည်ဆောက်ပြီး Sport Village တွင် မြန်မာ့ လက်ရွေးစင် အားကစား သမားများအား စဉ်ဆက်မပြတ် စခန်းသွင်း လေ့ကျင့်စေခြင်း၊ အားကစားနည်း အလိုက် လူငယ် မျိုးဆက်သစ် များအား ရှာဖွေ ရွေးချယ်၍ အားကစားနည်း အလိုက် အကယ်ဒမီများ ဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက် သင့်ပါသည်။ တည်ဆောက်ပြီး အားကစားကွင်း /ရုံများတွင် အားကစား သမားများ လေ့ကျင့်ခြင်း၊ ပြည်တွင်း ပြည်ပ အားကစား ပြိုင်ပွဲများ ယှဉ်ပြိုင် နေခြင်းများ ဖြင့်သာ အချိန်ပြည့် အသုံးချ ဆောင်ရွက် သင့်ပါသည်။ အထက်ပါ လုပ်ငန်းများအား စနစ်တကျ စီမံ ဆောင်ရွက်မည် ဆိုပါက မြန်မာ့ အားကစား လောကအတွက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်နိုင်ရေး အထောက်အကူ ပြုမည် ဖြစ်ပါသည်။

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးအား အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းကြောင့် ရရှိလာသည့် SEA GAMES လက်ဆောင် အားကစားကွင်း /ရုံများအား ပွဲပြီးမီးသေ မဖြစ်စေဘဲ မြန်မာ့ အားကစား အဆင့်အတန်း တိုးတက် မြင့်မား လာစေရေး အတွက် ရေရှည် အကျိုးရှိမည့် မဟာဗျူဟာ အစီအမံ များဖြင့် စနစ်တကျ ဆက်လက် ဆောင်ရွက် သွားကြမည် ဆိုပါလျှင် အာရှအားကစား ပြိုင်ပွဲကြီးကိုပင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့် မိပါကြောင်း.....။ ။

0 comments:

Post a Comment