အိန္ဒိယ နိုင်ငံသည် ၄င်း၏ ပြည်တွင်းဖြစ် အတွဲလိုက် ဒုံးလက်နက် စနစ် တစ်ခုဖြစ်သည့် ၂၁၄ မီလီမီတာ Pinaka အတွဲလိုက် ဒုံးအား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ (ကြာသပတေးနေ့) တွင် စစ်အခြေစိုက် စခန်း တစ်ခုမှ ၁၅ ကီလိုမီတာခန့် ကွာဝေးသော Chandipur-on-sea နေရာသို့ အောင်မြင်စွာ စမ်းသပ် ပစ်ခတ် နိုင်ခဲ့ ပါသည်။
Pinaka အတွဲလိုက် ဒုံးများအား ၁၉၉၅ ခုနှစ်မှ စတင်၍ အကြိမ်ပေါင်း များစွာ စမ်းသပ် ပစ်ခတ် ခဲ့ကြပြီး အိန္ဒိယ နိုင်ငံ အမြောက် တပ်ဖွဲ့တွင် အသုံးပြုလျက် ရှိပါသည်။ အဆိုပါ စမ်းသပ် ပစ်ခတ်မှုတွင် Armament Research and Development Establishment (ARDE) နှင့် Proof and Experimental Establishment (PXE) တို့မှ အဖွဲ့ဝင်များ ပါဝင် ခဲ့ကြပြီး ပစ်မှတ်နေရာ ၂ ခုအား စမ်းသပ် ပစ်ခတ် ခဲ့ကြခြင်း ဖြစ်ပါသည်။
Pinaka သည် အတွဲလိုက်ပစ် ယာဉ်တင်ဒုံး အမျိုးအစားဖြစ်ပြီး စွမ်းအားကုန် အကွာအဝေး ၄ဝ ကီလို မီတာအထိ ရောက်ရှိ ပစ်ခတ် နိုင်ပါသည်။ ဒုံးယာဉ် ၁ စီးတွင် ဒုံးပြွန် ၁၂ ခုပါရှိကာ ဒုံးကျည် ၁၂ တောင့် အား ပစ်ခတ်မည် ဆိုပါက ၁ မိနစ်အတွင်း ပစ်ခတ်နိုင်ပြီး ပစ်မှတ် ဧရိယာ ၄ စတုရန်း ကီလိုမီတာ အတွင်းရှိ ရန်သူများအား စွမ်းအင်နှိမ် ပစ်ခတ် နိုင်ပါသည်။
အိန္ဒိယနိုင်ငံ အနေဖြင့် ၁၉၈ဝ ခုနှစ် နှစ်လယ်ပိုင်းတွင် အတွဲလိုက်ဒုံး လက်နက်များ စတင် ထုတ်လုပ်ရန် ပထမဆုံး နည်းလမ်းများ ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် နမူနာဒုံး လက်နက် ပုံစံများ ထုတ်လုပ် ခဲ့ပါသည်။ အိန္ဒိယ နိုင်ငံ အနေဖြင့် Pinaka ဒုံးယာဉ် ၈ဝ စီးအား တည်ဆောက် ပြီးစီးခဲ့ပြီး ယခုအခါတွင် အိန္ဒိယ တပ်မတော်တွင် အသုံးပြု တပ်ဆင် ထားရှိပြီး ဖြစ်ပါသည်။
Pinaka အတွဲလိုက် ဒုံးလက်နက် စနစ်အား မည်သည့် ကျည်ထိပ်ဖူး အမျိုးအစားနှင့် မဆို တပ်ဆင် အသုံးပြု နိုင်ကာ အခိုင်အမာ အဆောက်အဦများ၊ ဘန်ကာများအား ချေမှုန်း ဖျက်ဆီးနိုင်ပြီး ထိရောက်မှု ကောင်းမွန်သော ဒုံးလက်နက် တစ်မျိုး ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနရှိ အရာရှိ များမှ ထုတ်ဖော် ပြောကြား ခဲ့ပါသည်။
မြဝတီ
0 comments:
Post a Comment