Thursday, November 14, 2013

ပညာရေးဝန်ကြီးဌာနအောက် တက္ကသိုလ်တိုင်းတွင် အဆောင်ပြန်ထားမည်ဟုဆို

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက် တက္ကသိုလ်တိုင်းတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းပြီး ကျောင်းသားနေ အဆောင်များ ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသော ပညာရေး ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောကြားသည်။

အဆင့်မြင့်ပညာ ဦးစီးဌာန အနေနှင့် မြေနေရာရှိသော တက္ကသိုလ်များတွင် BOT စနစ်နှင့် အဆောင် ဆောက်လုပ်ခြင်း၊ မြေနေရာ မရှိသော တက္ကသိုလ်များတွင် ပြင်ပ အဆောင်များ ဆောက် လုပ်ပေးခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အဆောင်ကြေးနှင့် စားသောက်စရိတ်ကို အစိုးရ အဖွဲ့နှင့် ပြင်ပ အဆောင်ပိုင်ရှင်များ ညှိနှိုင်း သတ်မှတ်ပေးရန် ရည်ရွယ်ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

သို့သော် အဆောင် စည်းကမ်း ထိန်းသိမ်းရေးကိုမူ တက္ကသိုလ်က ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနက ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် အဆောင်များကို လာမည့် ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် ပထမနှစ် ဘွဲ့ကြိုတန်းများအတွက် စီစဉ်ထားပြီး ဖြစ်သည်။

လက်ရှိအချိန်တွင် တက္ကသိုလ်ပိုင် အဆောင်ရှိသော တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ မော်လမြိုင် တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ စစ်တွေ တက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်နှင့် ဘားအံ တက္ကသိုလ်တို့ ဖြစ်ပြီး အခြားပုဂ္ဂလိကပိုင် အဆောင်များတွင် ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်တို့ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ထံမှ သိရသည်။

ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်မည့် အဆောင်များအတွက် အဆောင်ကြေးနှင့် စားသောက်စရိတ်ကို တစ်လလျှင် ၇၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း အထက်ပါဌာနက သတ်မှတ်ထားသည်။
 The Voice

0 comments:

Post a Comment