Sunday, June 2, 2013

ဘင်္ဂါလီသားဖွားနှုန်းထိန်းချုပ်မှု ရခိုင်ရှိ NLD ပါတီများ ထောက်ခံ

လူ့အခွင့်အရေးစံနှုန်းများနှင့် မညီဟု ဝေဖန်ခံနေရသည့် ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် ဘင်္ဂါလီလူမျိုး တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်သာ ယူခွင့် ဒေသန္တရအမိန့်သည် ပထဝီနိုင်ငံ ရေးအရ၊ အမျိုးသားလုံခြုံရေးအရ လွန်စွာ လိုအပ်နေသဖြင့် ထောက်ခံကြောင်း ရခိုင် ပြည်နယ် မြို့နယ်ရှစ်ခုအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သဘောထား ထုတ်ပြန်ချက်တစ်စောင်ကို မေလ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ယင်းအမိန့်သည် လူ့အခွင့်အရေးနှင့် မညီကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုပြီး ငါးရက်အကြာတွင် အဆိုပါ ပါတီများက ယင်းသို့ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

သားဖွားနှုန်းထိန်းချုပ်သည့် ဒေသန္တရ အမိန့်ထုတ်ပြန်မှုနှင့် ပတ်သက်၍ သိရှိထားခြင်း မရှိသော်လည်း အမှန်တကယ် ယင်းအမိန့်အတိုင်း လုပ်ဆောင်နေပါက ဥပဒေနှင့် မညီကြောင်း၊ ခွဲခြား ဆက်ဆံမှုက မကောင်းသည့်အပြင် လူ့အခွင့်အရေးနှင့်လည်း ကိုက်ညီမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၇ နေ့က ကျင်းပသည့် NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီးတွင် မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

သားဖွားနှုန်းထိန်းချုပ်သည့် ဒေသန္တရအမိန့်ကို ၁၉၉၂ ခုနှစ်ခန့်မှ စတင်ကာ ဒေသလိုအပ်ချက် အရ ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ဆက်လက်ကျင့်သုံးရန် သင့်မသင့်ကို နှစ်စဉ်ဆုံးဖြတ်ကာ ကျင့်သုံးခဲ့ကြောင်း၊ ယခုနှစ်တွင် ဆက်လက်ကျင့်သုံးရန် သင့်မသင့်ကို သုံးသပ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
ဘင်္ဂါလီ (မူရင်းအသုံးရိုဟင်ဂျာ) များကို ကလေးနှစ်ယောက်သာ ယူခွင့်ပြုသည့် မူဝါဒချမှတ်ခြင်းသည် လူနည်းစုများကို စနစ်တကျ ဖိနှိပ်မှုတစ်ခုဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့ (HRW) က မေလ ၂၈ ရက်နေ့က ထုတ်ပြန်သကဲ့သို့ ယင်းဒေသန္တရ အမိန့်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ပဋိညာဉ်ပါ အခြေခံ အခွင့်အရေးများကို ချိုးဖောက်နေသဖြင့် ပြန်လည်ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Mr. Edurado Buey က မေလ ၃၁ ရက်နေ့တွင် ပြောဆိုသည်။

သားဖွားနှုန်းထိန်းချုပ်သည့် ယင်းဒေသန္တရအမိန့်သည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း မဟုတ်ဘဲ ပြည်နယ်နှင့် နိုင်ငံ၏အမျိုးသားလုံခြုံရေးအတွက် လုပ်ဆောင်ခြင်းသာဖြစ်ပြီး မောင်တော ခရိုင်တွင် ဘင်္ဂါလီလူမျိုး ၉၅ ရာခိုင်နှုန်းခန့် ရှိပြီး ရခိုင်အပါအဝင် အခြားတိုင်းရင်းသား ၅ ရာခိုင်နှုန်းခန့်သာရှိရာ လူဦးရေ အချိုးအစား အလွန်ကွာဟနေသဖြင့် ယင်းသို့ အမိန့်ထုတ်ကာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ဦးဝင်းမြိုင်က ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment