Sunday, June 2, 2013

ဘရာဇီးလ်တွင် (၆)နှစ်သားများပင် မိမိတို့ထက် နည်းစနစ်ပိုင်း ပိုကောင်းကြောင်း ဝဲလ်ကော့တ်ဝန်ခံ



 
ဘရာဇီးလ်တွင် (၆)နှစ်သား ကလေးပင် မိမိတို့ထက် ဘောလုံးကို ကျွမ်းကျင်နိုင်နင်းနေပြီဟု သီအိုဝဲလ်ကော့တ်က တအံ့တဩ ပြောကြားခဲ့သည်။



အင်္ဂလန် လက်ရွေးစင် အသင်းနှင့်အတူ ဘရာဇီးလ်သို့ ခြေစမ်းပွဲ ကစားရန် ရောက်ရှိနေသည့် အာဆင်နယ် တောင်ပံ တိုက်စစ်သမားသည် ရီယိုဒီ ဂျနေရိုမြို့တွင် လေ့ကျင့်ခန်း ဆင်းနေရင်း ဘရာဇီးလ်သား လူငယ်လေးများနှင့်လည်း အပျော်တမ်း ဘောလုံးကစားခဲ့သည်။ ထို့နောက်တွင် ဘရာဇီးလ် ချာတိတ်လေးများ၏ ဘောလုံးစွမ်းရည်ကို လေ့လာခဲ့ရာ အချို့မှာ မိမိတွင် ပိုင်ဆိုင်ထားသည့် ဘောလုံးကျွမ်းကျင်မှုထက် သာနေကြောင်း ဝဲလ်ကော့တ်က ဝန်ခံခဲ့သည်။ "ကြာသပတေးနေ့က ကျွန်တော်တို့ သဲသောင်ပြင်ပေါ် လျှောက်ကြည့်တယ်။ တချို့ ချာတိတ်တွေဗျာ၊ (၆)နှစ်၊ (၇)နှစ်လောက်ပဲ ရှိသေးတယ်။ သူတို့ ပခုံးရော၊ တစ်ကိုယ်လုံးနဲ့ပါ သဲသောင်ပြင် ဘောလီဘော ဘောလုံးကို စိတ်ကြိုက် ထိန်းသိမ်း ကစားနိုင်တယ်ဗျ။ ကျွန်တော် ဒါမျိုး မလုပ်တတ်ဘူး။ ဒီအချက်က ဘာကိုပြသလဲဆိုတော့ ဒီမှာ ဘောလုံး နည်းစနစ် ကျွမ်းကျင်မှု အပိုင်းက တော်တော် ထွန်းကားတယ် ဆိုတာပဲ"ဟု ဝဲလ်ကော့တ်က မှတ်ချက်ပြုခဲ့သည်။



မကြာသေးမီက အင်္ဂလန်တွင် အိုင်ယာလန်နှင့် သရေကျခဲ့သော ခြေစမ်းပွဲ ကစားပုံအရ အင်္ဂလန် ဂန္ထဝင် ကစားသမားဟောင်း ဂယ်ရီလိုင်နီကာက လက်ရှိ လက်ရွေးစင် အသင်း၏ ခြေစွမ်းသည် အမှောင်ခေတ်ကို ဦးတည်နေကြောင်း ဝေဖန်ခဲ့သေးသည်။ ဝဲလ်ကော့တ်ကဲ့သို့ပင် တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ယာမိန်းဒီဖိုးကလည်း ဘရာဇီးလ်တို့၏ ပင်ကိုယ်ဗီဇ ဘောလုံးပါရမီ ပါရှိပုံကို တအံ့တဩ ချီးကျူးခဲ့သည်။ "ဝဲလ်ကော့တ် ပြောသလို လုပ်နိုင်တယ်ဆိုတာ ယောက်ျားလေးတွေချည်း ထင်လား။ ကောင်မလေးတွေ အဲဒီလို ဘောလုံးကစားနေတာ ကျွန်တော် မြင်ခဲ့တယ်။ မယုံချင်လောက်အောက်ပဲ။ ဒါပေမဲ့ ဘရာဇီးလ်ကို ရောက်လာရင်တော့ ဒီလို ဘောလုံး ပါရမီမျိုး ခင်ဗျားတို့ မြင်ရမှာပါပဲ"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

၎င်းက ဘရာဇီးလ် ဘောလုံးမယ်များ အနေဖြင့်မူ ဘောလုံးကို အားပြင်းပြင်းမူ မကန်နိုင်၍ မိမိတို့ ကျေနပ်မိကြောင်းလည်း ရယ်ရယ်မောမော အရွှမ်းဖောက်ခဲ့သည်။ "ကျွန်တော်တို့ ဒီက မိန်းကလေးတွေ ဘောလုံးကျွမ်းကျင်တာကို ပြောဖြစ်ကြတယ်ဗျ။ သူတို့ Free Kickကန်ရင်တော့ သိပ်မကောင်းလှပါဘူး။ ဘရာဇီးလ်မှာ ချာတိတ်တွေ ကစားတာကို လျှောက်ကြည့်ခဲ့ကြတယ်။ သူတို့ရဲ့ နည်းစနစ် ကျွမ်းကျင်ပုံက လက်ဖျားခါလောက်တယ်"ဟုလည်း ဒီဖိုးက ပြောဆိုသွားခဲ့သည်။
Ref: The Sun

0 comments:

Post a Comment