Wednesday, June 26, 2013

Ford ကားကုမ္ပဏီ၏ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ သြဂုတ်လတွင် ဖွင့်လှစ်မည်

Wednesday, June 26, 2013


အမေရိကန် အခြေစိုက် နာမည်ကျော် Ford ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို သြဂုတ်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကုမ္ပဏီ အမှတ်တံဆိပ်များကို အဆိုပါစင်တာ တည်ရှိရာ အမှတ် ၃ အင်းစိန်လမ်း ၁၂ ရပ်ကွက် လှိုင်မြို့နယ်တွင် စတင်တပ်ဆင် လိုက်ပြီကြောင်း Ford က ဇွန် ၂၅ ရက်တွင် တရားဝင် သတင်းထုတ်ပြန်သည်။

"ကျွန်တော်တို့ဟာ အခုဆိုရင် နုနယ်ငယ်ရွယ်သေးတဲ့ မြန်မာနိုင်ငံ မော်တော်ယာဉ် လုပ်ငန်းအတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ချမှတ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး အခုအမှတ်တံဆိပ်က စတင်ကြိုးပမ်းမှုကို ကိုယ်စားပြုပါတယ်" ဟု Ford Asia Pacific, Ford Export and Growth Operations, Regional manager David Westerman က ပြောကြားသည်။

Ford သည် မြန်မာနိုင်ငံသို့ တရားဝင် စတင်ဝင်ရောက်လာသည့် အမေရိကန်အခြေစိုက် မော်တော်ယာဉ် ကုမ္ပဏီဖြစ်ပြီး ပထမဦးဆုံး အလုံးစုံ ၀န်ဆောင်မှုပေးနိုင်သည့် ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ Ford စင်တာတွင် ဆီဒန်ကားများ၊ ထရပ်ကားများ၊ SUV များကို ရောင်းချသွားမည်ဖြစ်ပြီး မြန်မာဈေးကွက်သို့ ၀င်ရောက်နိုင်ရန်အတွက် Ford ကားကုမ္ပဏီ၊ Capital Automotive Ltd နှင့် Ford ၏ ကာလရှည် မိတ်ဖက်ဖြစ်သူ RMA အုပ်စုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကားအရောင်းပြခန်း၊ ကားရောင်းချမှုနှင့် ရောင်းချပြီးနောက် ၀န်ဆောင်မှုပေးသည့် လုပ်ငန်းများကို အောင်လက်မှတ် ရရှိထားသည့် ကျွမ်းကျင်ပညာရှင်များနှင့် ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး မြန်မာစက်ပြင် ဆရာများ၊ အရောင်းဝန်ထမ်းများနှင့် ၀န်ဆောင်မှုပေးသည့် ၀န်ထမ်းများကိုလည်း လေ့ကျင့်ပျိုးထောင် ပေးသွားမည်ဟု Ford က ကတိပြုထားသည်။

EMG

လှိုင်မြို့နယ်တွင် ဖွင့်လှစ်မည့် Ford ကားရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို တွေ့ရစဉ် (ဓာတ်ပုံ-Ford)

0 comments:

Post a Comment