Wednesday, June 26, 2013

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မဂ္ဂါဝပ် ၅၀၀ ကျောက်မီးသွေးစက်ရုံ အပါအ၀င် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် လေ့လာမှုများ ဆောင်ရွက်နေ

Wednesday, June 26, 2013

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မဂ္ဂါဝပ် ၅၀၀ ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးစက်ရုံ အပါအ၀င် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန်အတွက် လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ဇွန် ၂၅ ရက်က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြောကြားသည်။

လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန်အတွက် ထားဝယ်ခရိုင် ကလိန်အောင် မြို့နယ်ခွဲ ကန်ဘောက်ဒေသတွင် မဂ္ဂါဝပ် ၅၀၀ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း၊ မော်လမြိုင်-ရေး-ထားဝယ် မဟာဓာတ်အားလိုင်း စီမံကိန်း၊ မြိတ်မြို့တွင် မဂ္ဂါဝပ် ၅၀ ကျောက်မီးသွေးစက်ရုံ စီမံကိန်း၊ မြစ်သာမြို့နယ်တွင် မဂ္ဂါဝပ် ၂၀၀ လေအားလျှပ်စစ်စက်ရုံ စီမံကိန်း၊ ဘုတ်ပြင်းမြို့နယ် မနောလုံးဒေသတွင် မဂ္ဂါဝပ် ၅၀၀ ကျောက်မီးသွေးစက်ရုံ စီမံကိန်းများကို ဖြစ်မြောက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

"ဒီစီမံကိန်းတွေရဲ့ ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ အစီရင်ခံစာတွေအရ ကုန်ကျစရိတ် စရိတ်တွေကို သိရှိမှာပါ။ နောက်ပြီးတော့ ဒီစီမံကိန်းတွေ အကောင်အထည်ဖော် ပြီးစီးသွားရင် လျှပ်စစ်ဓာတ်အားခ နှုန်းတွေလည်း လျော့ကျလာမှာပါ။ လက်ရှိမှာတော့ အဲဒီဒေသတွေမှာ မီးလင်းရေး ကော်မတီတွေက ကုန်ကျစရိတ် တွက်ချက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ သဘောတူညီချက်နဲ့ ကောက်ခံနေတာပါ" ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားခ နှုန်းထားကို တစ်ယူနစ်အတွက် ကျပ် ၃၅၀ ခန့် ကောက်ခံနေသည့်အတွက် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်သုံးစွဲမှုအတွက် တစ်ယူနစ် ၃၅ ကျပ်ခန့်သာ ရှိသဖြင့် မဟာဓာတ်အားလိုင်း မရောက်ရှိမီ လျှပ်စစ်တစ်ယူနစ်ကို သင့်တင့်သည့် ဈေးနှုန်းဖြင့် ရရှိနိုင်ရန် လျှပ်စစ်ဖြန့်ဖြူးရေး အစီအမံများကို လျှော့ချပေးနိုင်ခြင်း ရှိမရှိနှင့် တနင်္သာရီတိုင်း ဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်းက မေးမြန်းခဲ့သည်။

EMG

0 comments:

Post a Comment