Tuesday, June 25, 2013

မြန်မာ့ရှေ့ရေး ကြည့်ရန်အရေးကြီးသည်

Tuesday, June 25, 2013

တိုင်းမ်မဂ္ဂဇင်း (မျက်နှာဖုံးဆောင်းပါး) ၏ ဖော်ပြမှုနှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာတချို့ အပါအဝင် သမ္မတရုံးကပါ ကန့်ကွက်မှုများ ရှိလာခဲ့သည်။ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ပိုင်ခွင့် ရှိသည်မှန်သော်လည်း မဂ္ဂဇင်း၏ ဖော်ပြမှုအပေါ် မီဒီယာကျင့်ဝတ်နှင့်ညီမညီနှင့် ''ဘာ့ကြောင့်ဖြစ်သနည်း'' ဟူသည့် အချင်းအရာအပေါ်တွင်သာ ချဉ်းကပ်သင့်သည် ဟု မဇ္ဈိမက ရှုမြင်သည်။

အလားတူပင် မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် ပြင်ဆင်မှုနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ တိုင်းရင်းသားများအပါအဝင် အခြားသောဘာသာဝင်တို့၏ ကိုးကွယ် ယုံကြည်မှု အပေါ်တွင်လည်း ထည့်သွင်းစဉ်းစားသင့်သည်။ နိုင်ငံအတွင်းနေထိုင်သူ တစ်ဦးချင်းတိုင်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အပေါ်အခြေခံကာ လုံခြုံစိတ်ချစွာ နေနိုင်ရန် အခြေအနေများရှိသင့်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် လူများစု၏ လုံခြုံမှုတင်မက လူနည်းစုတို့၏ လုံခြုံမှုအတွက် ထိုသူတို့၏ အမြင်နှင့် သဘောထားများကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ အပြန်အလှန် အပြစ်တင်ခြင်းမျိုးအစား လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများသည် ''ဘာ့ကြောင့်ဖြစ်ရသနည်း'' ဟူသည့်မေးခွန်းကို အဖြေရှာရန် လိုမည်ဖြစ်သကဲ့သို့ မည်သို့မည်ပုံ အကောင်းဆုံး ဖြေရှင်းမည်နည်းဟူသည့် မေးခွန်းကိုလည်း အဖြေမှန်ထွက်ရန် ကြိုးစားသင့်သည်။

ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာ ယုံကြည်ကိုးကွယ်သူ ၃၃.၃၂ ရာခိုင်နှုန်း၊ မူဆလင်ဘာသာ ကိုးကွယ်ယုံကြည်သူ ၂၁.ဝ၁ ရာခိုင်နှုန်း၊ ဟိန္ဒီဘာသာ ကိုးကွယ်သူ ၁၃.၂၆ ရာခိုင်နှုန်းနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူ ၅.၈၄ ရာခိုင်နှုန်း ရှိနေသည်။

ထို့ကြောင့် အခြားဘာသာများကို ကိုးကွယ်ယုံကြည်မှု များပြားသည့် ဗုဒ္ဓဘာသာမဟုတ်သည့် ပြည်ပတိုင်းပြည် များတွင် ရောက်ရှိနေသော သန်းနှင့်ချီသည့် မြန်မာနိုင်ငံသားများ အပေါ်တွင်လည်း မြန်မာပြည်တွင်း လက်ရှိ အခြေအနေများက သက်ရောက်မှုရှိစေမည် ဖြစ်သည်။

သက်သေအဖြစ် မလေးရှားရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ရသည့်ဖြစ်ရပ် ဖြစ်သည်။ မလေးရောက်မြန်မာများ သံရုံးသွားရာတွင် မလုံခြုံခြင်းကြောင့် ပုန်းအောင်းနေရသည့် ဖြစ်ရပ်မျိုးကလည်း သတိပြုဖွယ် ဖြစ်သည်။

အလားတူပင် မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပြန်လည်တိုးဝင်ရန် ကြိုးပမ်းလျက်ရှိရာ နိုင်ငံတကာ ၏အမြင်၊ အယူအဆတို့ကိုလည်း လေ့လာရမည် ဖြစ်သည်။ အတိတ်ကကဲ့သို့ နိုင်ငံတကာ၏ ဖိအားများကို ရင်ဆိုင်ရမည့် အခြေအနေများ ဖြစ်လာပါက နိုင်ငံပြန်လည်ထူထောင်ရေးတွင် အနှောင့်အယှက် ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြန်လည်ထူထောင်ရေး လမ်းပေါ်ရောက်အောင် ကြိုးစားနေ သည်ကို အမြဲသတိပြုသင့်သည်။ မတူသည့် အယူအဆများကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအပေါ် မူတည်၍ ဆွေးနွေးခြင်း၊ အကြံပြုခြင်းတို့ဖြင့်သာ ဖြေရှင်းသင့်သည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ထပ်မံပြောရပါမူ ဒီမိုကရေစီဆိုသည်မှာ အများစု၏ ဆန္ဒဖြစ်သော်လည်း လူနည်းစု တို့၏ ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ သဘောမတူညီမှုများ၊ အယူအဆမတူမှုများ ရှိနေနိုင်သော်လည်း ဆန့်ကျင်ဘက် အယူအဆများ ဆန့်ကျင်ဘက်အမြင်များကို စကားပြောညှိနှိုင်း ဆောင်ရွက်ဖြေရှင်း သည့်နည်းဖြင့် အဖြေရှာရန် အချိန်ရောက်နေပြီ ဖြစ်သည်။

စစ်အေးခတ်ကာလက အယူအဆမတူသူတို့အကြား ပိုင်းခြားရန် ကြိုးစားသည့် ဘာလင်တံတိုင်းလည်း ပြိုသွားခဲ့ပြီ။ မြန်မာ့လူမှုအဖွဲ့အစည်းကို အစိတ်စိတ်အမွှာမွှာကွဲစေမည့် နာကျည်းမုန်းတီးမှုများ၊ မယုံသင်္ကာ ဖြစ်မှုများနှင့် မလုံခြုံမှုများ ထပ်မံမဖြစ်ပေါ်ရန်နိုင်ငံသားတိုင်းတွင် တာဝန် ရှိသည်။

Mizzima News

0 comments:

Post a Comment