Tuesday, June 25, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ အများသုံး သန့်စင်ခန်းနှင့် ကော်ဖီဆိုင် များ ပူးတွဲတည်ဆောက်ထားပြီး လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် မကြာမီ တင်ဒါခေါ်မည်

Tuesday, 25 June 2013


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ အများသုံး သန့်စင်ခန်းနှင့် ကော်ဖီ ဆိုင်များ ပူးတွဲကာ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တည်ဆောက်ပေးထားပြီး အဆိုပါ ကော်ဖီဆိုင်များတွင် လုပ်ငန်းလုပ်ကိုင် လိုသူများကိုမူ မကြာမီ တင်ဒါခေါ်ယူ သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

''ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မှာ ခရီးသွား ပြည်သူတွေ အပေါ့အပါး သွားရတာ အဆင်ပြေဖို့အတွက် အများသုံး သန့်စင်ခန်းတွေကို coffee shop တွေနဲ့ တွဲပြီး ၀န်ကြီးဌာနက တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ ဆောက်ပြီးနေပါပြီ။ တချို့နေရာတွေက ဆောက် လုပ်ဆဲပါ။ အများသုံး သန့်စင်ခန်း ဆိုပေမယ့် အခကြေးငွေ ပေးစရာမလိုဘဲ သွားလို့ရအောင်၊ ကော်ဖီဆိုင်မှာ ၀င်နားရင်း အပေါ့အပါး သွားလို့ရအောင် စီစဉ်ထားတာပါ။ လုပ်ကိုင်ခွင့် ရတဲ့သူက သန့်စင်ခန်းတွေကို ထိန်းသိမ်းစောင့်ရှောက် ပေးထားရမှာ ဖြစ်ပါတယ်'' ဟုလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြော ကြားခဲ့သည်။

လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူရာ၌ တစ်နှစ်စာ ကော်ဖီဆိုင်ဖွင့်ခွင့်အတွက် တင်ဒါဝင်ပြိုင်ရမည် ဖြစ်ကြောင်းနှင့် အများသုံး သန့်စင်ခန်း၊ ကော်ဖီဆိုင် တည်ဆောက်မှု လုပ်ငန်းများကို ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် လေထိုးကျွတ်ဖာ ဆိုင်ငယ်များကိုလည်း အဆိုပါ ကော်ဖီဆိုင်များ အနီးတွင် တည်ဆောက်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။

''အများသုံး သန့်စင်ခန်းနဲ့ ကော်ဖီဆိုင်တွေကို အများအားဖြင့် မိုင် ၂၀ ကြား လောက်မှာ တစ်ခုစီ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် ရာခိုင်နှုန်း ၈၀ လောက် တည်ဆောက် ပြီးစီးနေပါပြီ။ ကော်ဖီဆိုင်တွေကို လိုအပ်ချက်ရှိတဲ့ နေရာတွေကို ဦးစားပေး တည်ဆောက်နေပါတယ်။ အဲဒီဆိုင်တွေမှာ လျပ်စစ်မီး အတွက်ကိုတော့ ဆိုလာကို အသုံးပြုထားပါတယ်'' ဟု ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ အင်ဂျင်နီယာမှူးကြီးဦး ကြည်ဇော်မြင့်က ဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ အများသုံး သန့်စင်ခန်းများကို ဘောနက် ကြီးနှင့် ဖြူးကြားရှိ ၇၆ မိုင်တွင် တစ်ခု၊ ဖြူးနှင့် နေပြည်တော်ကြားရှိ မိုင် ၁၅၈/၄ တွင်တစ်ခု၊ နေပြည်တော်နှင့် မိတ္ထီလာကြား ရှိ ၂၄၃ မိုင်တွင် တစ်ခု၊ စကားအင်း(တံတားဦး)၃၁၇ မိုင်တွင် တစ်ခုတည် ဆောက်ထားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ နေရာများ၌ ကော်ဖီဆိုင်များကို စတင်တည်ဆောက် နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

eleven media group

0 comments:

Post a Comment