ဂျူဗင်းတပ်စ်နှင့် မိုနာကို တစ်သင်းသင်းသို့ ပြောင်းရွှေ့ခွင့် ရရန် လူးဝစ်နာနီ အနေဖြင့် မျှော်လင့်လျှက် ရှိနေကြောင်း သိရှိရသည်။
မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာဖွယ် ရှိနေသည့် ပေါ်တူဂီ လက်ရွေးစင် တောင်ပံ ကစား သမားကို တူရကီကလပ် ဂါလာတာဆာရေးက ချဉ်းကပ်ခဲ့သေးသော်လည်း ယူနိုက်တက်က ပယ်ချခဲ့သည်။ အင်္ဂလန် ချန်ပီယံ အသင်းက ၎င်းတို့နှင့် စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်တော့သည့် ကစားသမား အတွက် ပေါင်စတာလင် (၈) သန်းတန် ပြောင်းရွှေ့ကြေးမျိုးကို အလိုရှိနေကြောင်း သတင်းများက ဆိုသည်။ မန်နေဂျာသစ် ဒေးဗစ်မိုယက်စ်၏ အနာဂတ် စီမံကိန်းတွင် နာနီ အနေဖြင့် ပါဝင်ခွင့် ရဖွယ် မရှိသည့်နောက် ၎င်းသည် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာရန် နီးစပ်နေသည်။
အီတလီ စီးရီးအေ ချန်ပီယံ ဂျူဗင်းတပ်စ်သည် နာနီကို ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့သလို ယခုအခါ ပြင်သစ် တန်းတက် အသင်း မိုနာကိုကလည်း နာနီ၏ အနေအထားကို စောင့်ကြည့်လာခဲ့သည်။ မိုနာကို သည် ယခု ဈေးကွက်ထဲတွင် ရာဒါမယ် ဖယ်လ်ကာအို၊ ဂျိုအိုမော်တင်ညို၊ ရီကာဒိုကာဗယ်လ်ဟိုနှင့် ဂျိမ်းစ်ရို ဒရီဂွတ်ဇ် အစရှိသည့် နာမည်ကျော်များကို ခေါ်ယူ အားဖြည့်ထားသည်။
နာနီ အနေဖြင့် ဂျူဗင်းတပ်စ်နှင့် မိုနာကို နှစ်သင်းလုံး၏ စိတ်ဝင်စားမှုကို ကြိုဆိုဖွယ် ရှိနေပြီး နှစ်သင်းလုံး ကလည်း နာနီ၏ အေးဂျင့်နှင့် အကြို ဆွေးနွေးမှု ပြုလုပ်ပြီး ဖြစ်ကြောင်း ယုံကြည်ရသည်။ အခြားသော သတင်း အချို့က ယူနိုက်တက်သည် ဘင်ဖီကာ အသင်းမှ အာဂျင်တီးနား လက်ရွေးစင် နောက်ခံလူ အက်ဇ်ကွီရယ်လ် ဂါရေးအတွက် ကလပ်အသင်းချင်း လူကြီး လူကောင်းဆန်ဆန် ဆွေးနွေး သဘော တူညီမှု တစ်ခု ရယူပြီးဖြစ်ကြောင်း ဖော်ပြလျှက် ရှိကြသည်။ အသက် (၂၆) နှစ်ရှိ ဂါရေးကို ယူနိုက်တက်က ကာလအတန်ကြာ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး ဖြစ်သည်။
Ref: Daily Mail
0 comments:
Post a Comment