အာဆင်နယ် အနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်သည့် အခြေအနေ ရှိနေကြောင်း တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်က သုံးသပ် ပြောကြားလိုက်သည်။ အာဆင်နယ်သည် အင်္ဂလန်၏ အမှတ် ပေး ချန်ပီယံဆုနှင့် ဝေးကွာနေသည်မှာ (၉) နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြင်သစ် လက်ရွေးစင် ကစား သမားက လက်တွေ့ မျှော်လင့်ခွင့် ရှင်သန် နေဆဲဟု အခိုင်အမာ ယုံကြည်လျှက် ရှိသည်။ အာဆင်နယ် သည် ပြီးခဲ့သည့်ရာသီက (၈) နှစ်ဆက်တိုက် ဖလားလက်မဲ့ အခြေအနေကို ဖြတ်သန်းခဲ့ရပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း နောက်ဆုံး ပွဲစဉ်ထိ ရုန်းကန် ခဲ့ရသည်။ ဂီရော့ဒ်ကမူ အာဆင်နယ်တွင် တိုးတက် မှုများ ဖြစ်ပေါ်လာပြီး မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာစီးတီးနှင့် ချယ်လ်ဆီးတို့ ကဲ့သို့ပင် ပရီးမီး ယားလိဂ် ချန်ပီယံဆုကို စိန်ခေါ် နိုင်မည်ဟု ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။
"ဒီရာသီမှာထက် အစ ကောင်းခဲ့မယ် ဆိုရင် ကျွန်တော်တို့ နောက်နှစ် ပရီးမီးယားလိဂ်မှာ ကောင်းကောင်း ကြီး ယှဉ်ပြိုင် နိုင်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က ခုချိန်မှာ အသင်းလိုက် စုဖွဲ့ပြီး အသား တကျ ကစား လာနိုင်ပြီ။ ပြောရရင် အသင်းတစ်ခု အနေနဲ့ ပိုတိုးတက် လာပြီလေ" ဟု ဂီရော့ဒ်က အာဆင် နယ် မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ ၎င်းက "တစ်ရာသီလုံး ခြုံကြည့်ရင် တစ်ဦးချင်း တိုးတက်မှုတွေ ရှိလာပြန် တယ်။ အထူးသဖြင့် လူသစ်တွေ ဖြစ်တဲ့ ဆန်တီကာဇိုလာ၊ လူးကက်စ် ပိုဒေါ့စကီးနဲ့ ကျွန်တော်ပေါ့" ဟု လည်း ဆိုသည်။ ဂီရော့ဒ်သည် မွန့်ပယ်လီယေး အသင်းထံမှ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် (၁၇) ဂိုး သွင်းယူနိုင်ခဲ့သည်။
အသက် (၂၆) နှစ်ရှိ ရှေ့တန်းလူက လာမည့်ရာသီတွင် ပိုမို ထက်မြက်သော ဂိုးသွင်းခြေမျိုး ပိုင်ဆိုင် လာအောင် ကြိုးစားမည်ဟုလည်း ကတိပြုခဲ့သည်။ "ပွဲဦးထွက် ရာသီကတော့ မလွယ်ဘူးလေ။ တကယ့် စိန်ခေါ်မှု အကြီးစားကြီးပဲ။ ကျွန်တော့် ဒုတိယ ရာသီမှာတော့ သီတင်းပတ်တိုင်းလိုလို ကစားပြီး ပုံမှန် ဂိုးသွင်းနိုင်ဖို့ မျှော်လင့်မိတယ်။ ဒါက တိုက်စစ်မှူး တစ်ယောက်အတွက် အင်မတန်လည်း အရေးကြီးတယ် မဟုတ်လား" ဟု ဂီရော့ဒ်က ပြောဆိုသွားသည်။
Ref: Daily Mail
0 comments:
Post a Comment