Friday, June 7, 2013

“စိတ်ညစ်လျှင် ရေချိုးပါ” ဆိုသော်လည်း


















ဆရာတော်ရဝေနွယ်(အင်းမ) ရေးသားထားသော “စိတ်ညစ်လျှင်ရေချိုးပါ” ဆိုသော ခေါင်းစဉ်လေးအတိုင်း မကျင့်သုံးနိုင်ကြသူများအား စိတ်ညစ်ချိန်တွင် ရေဝဝလင်လင် ချိုးနိုင်ခွင့်ပေးနိုင်ခဲ့ပါသည်။ ၁ဝ.၅.၂ဝ၁၃ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်ခန့်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်ထံသို့ လူဦးရေ (၁၈ဝ) ခန့်နေထိုင်သော မိဘမဲ့ဂေဟာမှာ သောက်သုံးရေပြတ်လပ်ကြောင်း ဆက်သွယ်၍ အကူအညီတောင်းခံခဲ့သည်။ ထို့ကြောင့် မြောက်ဒဂုံမြို့နယ်၊ ကျန်းမာရေး မှတ်တိုင်အနီးရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာ၌ သောက်သုံးရေ အမှန်တကယ်ပြတ်လပ်မှု ရှိ/မရှိအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင် ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပြီး အမှန်တကယ် လိုအပ်နေသဖြင့် လှူဒါန်းမှုအားပြုလုပ်ခဲ့သည်။

ထို့နောက် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ နွေရာသီဇာတ်လိုက်ကြီးဖြစ်သည့် ရေသယ်ယာဉ်ကြီးဖြင့် ညနေ (၄း၄၅) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် များဖြစ်ကြသော ဒေါ်ဧရာမောင်မောင်၊ ဒေါ်စောသဉ္ဇာစိုးတို့နှင့်အတူ အသင်းသား/သူများ၊ ဝန်ထမ်းများတို့မှ အမှတ် ၂၇ဝ/ ၂၇၁၊ အောင်တံခွန်လမ်း၊ (၄၈) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု (ပထမ)အဆင့် “အိမ်မက်လှရထားလေး (Dream Train)” လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ရေလှူဒါန်း မှုပြုလုပ်ခဲ့သည်။ “အိမ်မက်လှရထားလေး (Dream Train)” လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသည် ၂ဝ၁ဝ ခုနှစ်တွင် Dr.Yoshioka မှတည်ထောင်ပြီး ဌာနေကိုယ်စားလှယ်မှာ ဦးသိန်းဇော်ဖြစ်သည်။ “အိမ်မက်လှရထားလေး (Dream Train)” ဂေဟာသည် မိဘမဲ့ကလေးများအား အဓိကထားကာ စောင့်ရှောက်ပေးနေသော ဂေဟာတစ်ခုဖြစ်ပြီး ခါ၊ ကချင်၊ ဝ၊ လားဟူ၊ ဗမာလူမျိုးများအား စောင့်ရှောက်ပေးထားပြီး ဆင်းရဲ၍ သားသမီးများအား မကျွေးမွေး၊ မစောင့်ရှောက်နိုင်ကြသဖြင့် လာရောက်၍ အပ်နှံထားရှိသော ကလေးငယ်များလည်းပါဝင်သည်။ ယင်းဂေဟာတွင် ယောင်္ကျားလေး (၈ဝ) ဦးနှင့် မိန်းကလေး (၇၅) ဦးတို့အား ကျွေးမွေးပြုစု စောင့်ရှောက်ထားလျှက်ရှိသည်။



“ဆရာမ ဒေါ်သန်းမြင့်အောင်၏ သုခရိပ်မြုံမှာ ကျွန်မတို့ဆီက (HIV) ကလေးနှစ်ဦးထားရှိတယ်။ ယောင်္ကျားလေး (၂) ဦးပါ။ (၁) ဦးက ရောက်ရောက်ချင်းဆုံးသွားတယ်။ နောက် (၁) ဦးကတော့ ခုဆို ဆရာမဆီမှာ (သုခရိပ်မြုံ) မှာပါ ဆရာမနဲ့ရင်းနှီးတော့ နာရေးကူညီမှု အသင်း(ရန်ကုန်)က ဒီလိုရေအလှူ ပေးနေတယ်ဆိုတာ သိခဲ့ရတာပါ။” ဟု ဂေဟာမှူး ဒေါ်ညွန့်ရီမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ရေ အကူအညီတောင်း ခံမှုအား ပြောကြားသွားခဲ့သည်။ ကျွန်မတို့သည် နွေရာသီဇာတ်လိုက်ကြီး ရေဂါလံ (၃၆ဝဝ) ဝင်ဆံသည့် ရေသယ်ယာဉ်ကြီးဖြင့် “အိမ်မက်လှရထားလေး(Dream Train)” ဂေဟာသို့ရောက်ရှိသည်နှင့် ကလေးငယ်များတို့၏ ဖော်ရွေစွာ ဖိတ်ခေါ်မှုတို့ကြောင့် အမောပြေခဲ့ရသည်။ အရွယ်ရောက် ယောင်္ကျားလေးများမှ ဝိုင်းဝန်းကူညီပေးခဲ့ကြပြီး ကျန်ကလေးငယ်များမှ ရေဖြည့်နေစဉ်အချိန်တွင် ကန်ထဲ၌ ရေပြည့်ချိန်တွင် ကားထဲရှိ ရေလက်ကျန်များ ရှိနေသေည့်အတွက် တလက်စတည်း ရေဝဝလင်လင် ချိုးနိုင်ရန် အခွင့်အရေးရခဲ့သည်။ ထို့ကြောင့် ကိုယ်စီကိုယ်စီ သဘက်လေးများကိုင်ကာ ထွက်လာကြပြီး ပျှော်ရွင်စွာရေချိုးခဲ့ကြသည်။

“သားတို့ရေမချိုးရတာ (၃ - ၄) ရက်လောက်တော့ရှိပြီ” ဟု အတန်းကြီးကလေးများမှ ပြောကြား ခဲ့သည်။ ရေချိုးရန် အငယ်များအား ဦးစားပေးသည်ဟုလည်း သိရသည်။ “ရေက ဧပြီလမှာကတည်းက ပျက်လပ်နေပြီ။ အရင်က ရေပေါတယ်။ အဝီစိတွင်းက ရေမလိုက်တော့ဘူး ခုတ်တော့လည်း (၅) မိနစ် (၁ဝ) မိနစ်လောက်မှ ကျတယ်။ ကျတော့လည်း နည်းတယ်။ ဟင်းချက်လောက်တော့ရတယ်။ ဘေးက ချင်းကျောင်းတစ်ကျောင်း ရှိတယ်။ သူတို့လည်း ရေပျက်နေတာ။ အရင်ကဒီဘက်ကပေးတယ်။ အခုပေးလို့ မရတော့ဘူး။ ဒီနေ့လည်း နာရေးအသင်းက လှူတဲ့ရေကို ချင်းကျောင်းကို ပေးဝေမှာပါ” ဟု ဂေဟာမှူး ဒေါ်ညွန့်ရီမှ တဖန်ပြောကြား ခဲ့သည်။ ရေဝဝမချိုးရသဖြင့် မိတ်ဖုများဖြင့်ပြည့်နေသော ကလေးများလည်းရှိသည်။ ကျွန်မသည် သူတို့နေထိုင်ရာ အနောက်ဆောင်သို့ ရောက်ရှိချိန်တွင် မလျှော်ရသေးသော အဝတ်အထည်များသည် ခြင်းကြီး (၃) ခြင်းခန့် ပြည့်နှက်နေသည်ကိုတွေ့ရသည်။ ၄င်းတို့ရေချိုးပြီးချိန် ညနေ (၆း၃ဝ) နာရီအချိန်တွင် မိမိတို့အဆောင်ရှိ မှန်ရှေ့တွင် ကိုယ်စီကိုယ်စီ သနပ်ခါးလိမ်းခြယ်နေကြပြီးနောက် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ကိုကို၊ မမများတို့နှင့်အတူ့ ဓါတ်ပုံရိုက်ဦးမည်ဖြစ်သည်။ ၄င်းတို့ ရေချိုး လိုက်ကြသဖြင့် လန်းဆန်းလတ်ဆက်မှုသည် ကျွန်မတို့ထံသိုပ ကူးစက်စေခဲ့သည်။ ညနေ (၇းဝဝ) နာရီ အချိန်တွင် ကလေးငယ်များအသီးသီး အဆောင်ထဲသို့ဝင်ရောက်ချိန် ကျွန်မတို့အားလုံးလည်း ဂေဟာမှ ထွက်ခွါလာခဲ့ကြသည်။ ထို့နောက် ဂေဟာရှေ့အဝင်၌ ဘယ်အချိန်တွင် ဘယ်လိုရောက်နေမှန်းမသိသော ကလေးများတန်းစီ၍ လက်ပြနှုတ်ဆက်နေ ကြသည် သူတို့၏အပြုံးများ ထပ်မံကူးစက်ခဲ့ပြန်သည်။

ကလေးငယ်တို့အတွက် လန်းဆန်းလတ်ဆတ်မှုသည် ရေရရှိချိန် တဒင်္ဂလေးတွင် ဖြစ်လင့်ကစား ကျွန်မတို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ရင်တွင်းတွင် နင့်နေအောင်ခံစားခဲ့ရသည်။ သူတို့ သူတို့တွင် မိဘများမရှိသဖြင့် ခံစားရခြင်း (ရင်တွင်းအပူ)၊ ရေမရရှိသဖြင့် (ခန္ဓာကိုယ်အပူ) ထိုထိုသော အပူများအား တဒင်္ဂလေး ငြိမ်းသတ်ပေးလိုက်နိုင်ခြင်းမှာ အများပြည်သူတို့၏ကောင်းမှုပင်ဖြစ်သည်။ ထိုကောင်းမှုအစုစု တို့အပေါ် သာဓုခေါ်ဆိုရင်း ကလေးငယ်များတို့၏ဘဝအား ဒီဘဝ ဒီမျှနှင့်သာ ရှိပါစေတော့ဟု နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတော့သည်။

(ဇူးဇူး)

0 comments:

Post a Comment