Friday, June 7, 2013

လူ့အခွင့်အရေး ဆုံးရှုံး နေကြပေမဲ့ သူတို့လည်း လူလောကထဲက လူတွေပါပဲ

ပန်းပွင့် ကလေးများသည် အသီးအပွင့် ကလေးများ၏ လောင်းလျာ ဖြစ်သကဲ့သို့ အသီးအပွင့် ကလေးများသည်လည်း မျိုးစေ့ ကလေးများ၏ လောင်းလျာ ဖြစ်လေ၏။


ထို့ကြောင့် ပန်းပွင့် ကလေးများကို မွှေးစေ၊ လန်းစေ၊ သီးစေ၊ ပွင့်စေချင်လှ၏။ ကျွန်တော်ဘတ် စကားပေါ်ကို တက်ပြီး ထိုင်စရာနေရာ ရသဖြင့် ထိုင်လိုက်ပါသည်။ ကားက လူစောင့် ခေါ်နေသည်မို့ တော်တော်နှင့် မထွက်နိုင် သေးပါ။ ထိုစဉ်ကားပေါ်သို့ အသက် ဆယ့်လေးငါး ခြောက်နှစ် အရွယ် အဝတ်အစားနွမ်း ဖတ်ဖတ် ကလေး ဝတ်ထားသော မိန်းကလေးတစ် ဦးတက် လာပါသည်။ မိန်းကလေးက ထိုင်ခုံတန်းများကြား အလယ် လူသွားလမ်း တစ်လျှောက် လျှောက်ဝင်လာပြီး ထိုင်နေသော ခရီးသည်များ၏ ပေါင်ပေါ်ကို စာရွက်ကလေး တစ်ရွက်စီ တင်သွား ပါသည်။ ရပ်နေသော ခရီးသည် အချို့၏ လက်ထဲ သို့လည်း အဆိုပါစာရွက် ကလေးများကို ထည့်သွားပါသည်။ ကျွန်တော်က စာရွက်ကို ဖတ်ကြည့် လိုက်ပြီးနောက် မိန်းကလေး ဆိုလိုချင်သော သဘောကို နားလည် သဘောပေါက် လိုက်ပါတော့သည်။ အနှီ မိန်းကလေးမှာ စကား မပြောတတ်ပါ။ အားကိုးရာမဲ့ ဘဝကို စာနာ ကူညီပါဟု စာရွက်ကလေး ထဲမှာ ညွှန်းဆိုထား ပါသည်။

ထိုအခါ ကျွန်တော်သည် ဆရာကြီး ဇော်ဂျီ၏ ဗေဒါလမ်း ကဗျာလေးကို ဖျတ်ခနဲ သတိရ လိုက်မိသည်။ ပန်းပန်လျက်ပါ ဟူသော ကဗျာ ကလေး၌ ညိုပြာပြာ၊ လတာပြင်ခြေရင်း၊ လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း၊ ဆင်းပြန်လဲ မသက်သာ၊ မဗေဒါ အလှ၊ တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ၊ ပေါ်ပြန်လဲ မသက်သာ၊ ချောင်းအဆွယ်၊ မြောင်းငယ် ထဲကဘဲ ထွက်လို့လာ၊ ဘဲအုပ်က တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်ထဲ၊ အယက်အကန် ခံလို့၊ ဗေဒါပြန် အံကိုခဲ၊ ပန်းပန်လျက်ပဲ ဟူ၍ ဖြစ်သည်။ ဆရာ့ကဗျာ ထဲက မဗေဒါသည် ပန်းပွင့် ကလေး ဖြစ်သော်လည်း ပြင်ပ လောက၌ ဘဝကြမ်းသူ၊ ဆင်းရဲ ပင်ပန်းသူ၊ လောကဓံကို ကြံ့ကြံ့ ခံနေရသူ မိန်းကလေး များကို ကိုယ်စားပြုသည့် နိမိတ်ပုံ ဆိုသည်ကို ကဗျာ ဖတ်သူတိုင်း ခံစားမိကြသည်။ တကယ့်ဘဝ၊ တကယ့် လောက၌ မဗေဒါတွေ တစ်ပုံ တစ်ပင်ကြီး ရှိနေသည်။ အနုပညာ လောက၊ စီးပွားရေး လောက စသည့် နယ်ပယ်စုံ၌ မဗေဒါတို့ ပုံစံ အမျိုးမျိုး ဖြင့် ကျင်လည် နေကြသည်။ ယုတ်စွ အဆုံး အောက်ဆုံး အလွှာ၌ပင် ကျွန်တော် ကားပေါ်၌ ကြုံရသည့် စာရွက် ကမ်းနေသော မိန်းကလေးသည်ပင် မဗေဒါ ကလေးပါ တကား...။

ကားပေါ်က ကလေးမလေးကို ကြည့်ပြီး ကျွန်တော် ရင်နင့် မိပြန်သည်။ ထိုအခါ၌ စာရေး ဆရာကြီး မြသန်းတင့်၏ ''ဒုက္ခသည်''ဟူသော ဝတ္ထုကို ချက်ချင်းပင် အမှတ်ရ လာပြန်သည်။ ဝတ္ထု ကလေး၏ အဓိက ဇာတ်ကောင်မှာ မဗေဒါ မဟုတ်သော်လည်း မဗေဒါနှင့် မခြားသော ''မြသီ''ဖြစ်သည်။ လွတ်လပ်ရေး ရပြီးစ သူတစ်လူ ငါတစ်မင်း လုပ်ခဲ့ကြသော ရောင်စုံ သောင်းကျန်းသူများကြောင့် ကျေးလက် တောရွာတွင် မနေရဲကြသော ပြည်သူများမှာ မြို့တက် ခိုလှုံခဲ့ကြရသည်။ မြသီတို့ မိသားစုမှာ မြို့ တက်လာသော ဒုက္ခသည် မိသားစုများ ဖြစ်လာကြသည်။ မြို့တွင် မလုပ်စား တတ်သောကြောင့် ငွေရှင် ကာကာ ကုလားကြီးထံမှ နေ့ပြန်တိုးဖြင့် ငွေချေးယူပြီး ကုန်ခြောက် ကလေးများ ရောင်းချကာ မိဘနှစ်ပါးကို လုပ်ကိုင် ရှာဖွေ ကျွေးမွေးခဲ့ရသည်။ မြသီတို့ ငွေကျပ်တည်းမှုကို သိသော ကာကာကြီးက အညှာကို ကိုင်ကာ မြသီ၏ အသွေး အသားကိုပါ ဝါးမြိုလာခဲ့သည်။ မြသီ၏ဘဝမှာ ဈေးသည် ဘဝမှ ''ဒုက္ခသည်'' ဘဝသို့ ရောက်မှန်း မသိ ရောက်လာခဲ့သည်။ မြသီ ဈေးရောင်း မကောင်းလေ ကာကာကြီး အကြိုက် ဖြစ်လေလေပင်။ အမေ့ကိုလည်း မြသီ အဖြစ်မှန် ဖွင့်မပြောဝံ့။ တောမှာနေ အကောင်းသား မြို့တက်မှ သူ့ဘဝ နစ်မွန်းရသည်။ အမေက ဈေးရောင်း ကောင်းရဲ့လားဟု မေးလျှင် ကောင်းပါတယ် အမေဟုသာ ဖြေမိသည်။ ဝင်ငွေ မှန်မှန်ရနေတော့ အမေ ဖြစ်သူကလည်း မြသီ၏ စကားကို ယုံမှတ် နေပြန်သည်။ မြသီက အမေ့ ကွယ်ရာ၌ အမေရေ မြသီ အမေ့သမီး မဟုတ်တော့ဘူး အမေရဲ့ဟု မျက်ရည် စို့စို့နှင့် ငိုမိသည်။

ကားပေါ်၌ ကျွန်တော် ကြုံခဲ့သော မိန်းကလေးသည် မဗေဒါလော .. မြသီလောဟု ကျွန်တော် မဝေခွဲနိုင်။ စိတ်ထဲမှာတော့ မဗေဒါလို ဘဝမကြမ်း ပါစေနှင့် မြသီလို အဖြစ်ဆိုးမျိုး မကြုံပါ စေနှင့်ဟု ဆုတောင်း နေမိသည်။

ကလေးမ စာရွက် လာသိမ်းသည့် အခါ ကျွန်တော်၏ အိတ်ကပ်ထဲမှ ငွေကျပ် ၂ဝဝ ကို စာရွက်ကလေးနှင့် အတူ ပြန်ပေး လိုက်မိသည်။ အလုပ်မလုပ်ဘဲ တောင်းစား နေသူတို့ကို ကျွန်တော် အားမပေး လိုသော်လည်း ကာကာကြီးလို လူမဆန်သည့် လူတစ်ယောက်၏ ရန်မှ ကင်းဝေးစေရန် ကူညီထိုက်သည် မထိုက်သည်ကို ဥပေက္ခာ ပြု၍ မျက်စိမှိတ်ပြီး တတ်နိုင်သလောက် ပေးစွန့် လိုက်ခြင်း ဖြစ်သည်။ အရွယ်ကောင်း ကလေး ထမင်း ငတ်လာလျှင် ရင်းမိရင်းရာ အရင်းပြု၍ ဝမ်းရေးကို ဖြေရှင်းမည်ကို စိုးသောကြောင့် ဖြစ်သည်။ သို့သော် မိုးကြိုးပစ်သည်ကို ထန်းလက်နှင့် ကာဘိသကဲ့သို့ တစ်ရက် တစ်မနက်စာ ထမင်း စားရရုံနှင့် မပြီးဆုံးနိုင်သော သူ့ဘဝ ရှည်ကြီးအတွက် သူဘယ်လောက် ခါးစည်း ခံနိုင် ပါမည်နည်း။ စဉ်းစားရင်း ကျွန်တော် ကြက်သီး ထမိသည်။ လူကုန် အကူးခံရသော မိန်းကလေး များကိုသာ တကူးတက ကယ်တင် နေကြသော သူတို့မှာ မဗေဒါလို၊ မြသီလို မိန်းကလေး တွေကို မျက်စိလျှမ်း သွားကြပုံဖြင့် မဗေဒါတို့ မြသီတို့၏ ကံကြမ္မာ ကိုသာ ပုံချရမလို ဖြစ်နေ ပေတော့သည်။

မဗေဒါတို့ မြသီတို့ကို မည်သို့ ဖေးမသင့် သနည်း။ ကယ်တင်သင့် သနည်း။ လူတောထဲ ရောက်အောင် မည်သို့ ဆွဲခေါ် သင့်သနည်း။ အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ဖို့ မသင့်သော ကိစ္စလော။ မြသီတို့ မဗေဒါတို့မှာ ယနေ့ ပိုက်ဆံနောက် လိုက်နေကြသော ပိုက်ဆံရှိပြီး ခေတ်ရှေ့ လွန်နေသော အရှက်မဲ့ မိန်းကလေးများ မဟုတ်ကြ သည်ကတော့ သေချာ လောက်ပါသည်။ သို့ဆို လျှင်ဖြင့် သူတို့ ကလေးတွေ ဘဝ ရေတိမ် မနစ်ကြရအောင် ကာကာတို့ ဘာဘာတို့ ပေါက်ကျော်တို့ ပေါက်ဖော်တို့၏ အကြင်နာ လက်ကမ်းမှုမှ ကင်းဝေးရ လေအောင် ဖောင်ဒေးရှင်း ထူထောင် လို့ပဲ ဖြစ်ဖြစ် စာနာမှု ကြင်နာမှု တွေနှင့် ဖေးမ ကယ်ယူ သင့်ပါကြောင်း နှိုးဆော် လိုက်ရ ပါတော့သည်။ မဗေဒါတို့ မြသီတို့ ကံကြမ္မာ အလွှဲအပြောင်းမှာ

ကံကောင်း ကြပါစေ ဟူ၍သာ..။

0 comments:

Post a Comment