Friday, June 14, 2013

ပြည်မြို့ရှိ လမ်းဘေးနေ အိမ်ခြေမဲ့ ကလေးများကို ပညာသင်ပေးနေသည့် ကရုဏာလက်များ ကွန်ရက်၏ စာသင်ခန်းသို့ ရောက်စဉ် ကလေးငယ်များကို ပြောပြခဲ့သည့် ပုံပြင်လေးတစ်ပုဒ်

"... အားနည်းချက် ..."

-.-.-.-.-.-.-.-.-.-.-.-.-.-

တစ်ခါတုန်းက လယ်သမားကြီးဆီမှာ ရေအိုးလေး ၂ လုံးရှိသတဲ့။

လယ်သမားကြီးက အဲဒီ့အိုးလေးတွေနဲ့ နေ့စဉ်သောက်သုံးရေ ဖြည့်သတဲ့။

ဒီလိုနဲ့ ကြာလာတော့ အိုးလေး ၂ လုံးထဲက ရေအိုး ၁ လုံးက အောက်ခြေမှာ အက်ကွဲလာသတဲ့။


ရေအိုးလေး ၁ လုံးက အက်ကွဲလာတော့ အက်ကွဲကြောင်းက စိမ့်ထွက်တဲ့ရေတွေကြောင့် လယ်သမားကြီးက ရေခပ်ရတာ အကြိမ်ရေများပြီး ပိုပြီးပင်ပန်းနေတာပေါ့။

ဒါကိုသိတဲ့ ရေအိုးအကောင်းလေးက အက်နေတဲ့ ရေအိုးလေးကို “ မင်းကြောင့် ငါတို့သခင်ပိုပင်ပန်းနေရပြီ။ ဒါ့ကြောင့် မင်းကို စွန့်ပြစ်ဖို့ သွားပြောရမယ်” လို့ ပြောလိုက်တယ်။


ဒီတော့ ရေအိုးအက်ကလေးက သူ့သခင်ဆီသွားပြီး သူဟာ အသုံးမကျတော့ တဲ့ ရေအိုးလေးဖြစ်နေ တာကြောင့် စွန့်ပြစ်လိုက်ဖို့ သွားပြောတယ်။


ဒီတော့ လယ်သမားကြီးက မင်းက အက်ကွဲနေတာမို့ အသုံးမကျတော့ဘူးလို့ မင်းထင်နေသလား။ ငါမင်းကို ပြစရာရှိတယ်ဆိုပြီး သူရေခပ်သွားရာ လမ်းလေးဆီကို ရေအိုးအက်ကလေးကို ခေါ်သွားခဲ့တယ်။


အဲ့ဒီမှာ ရေအိုးအက်ကလေးတွေ့လိုက်ရတာက သူရေသယ်လာရာ လမ်းတစ်လျှောက်မှာ ပန်းပွင့်လေးတွေ ပွင့်နေတာကို တွေ့လိုက်ရတယ်။

ဒီတော့မှ လယ်သမားကြီးက “ မင်းကို သယ်လာတဲ့ လမ်းတစ်လျှောက်မှာ ပန်းစေ့လေးတွေကို ကျဲခဲ့ပြီး အက်နေတဲ့ ရေအိုးထဲက စိမ့်ကျလာတဲ့ ရေတွေနဲ့ ရေလောင်း ပေါင်းသင်ခဲ့တာကြောင့် ခုလို ပန်းတွေ ပွင့်နေတာပေါ့။


အားနည်းချက်က အားလုံးမှာရှိတာပါပဲ။ အားနည်းချက်ကို အားသာချက်အဖြစ် မပြောင်းလဲတတ်လို့ အသုံးမကျဘူးလို့ ထင်နေတာပါ။ နေရာအထားအသိုသာ မှန်ရင် လောကကြီးအတွက် အားလုံးက အသုံးကျ ကြပါတယ်” လို့ ပြောသတဲ့။



ရေအိုးအကောင်းလေးကလည်း အက်နေတဲ့ အိုးလေးကို သူငယ်ချင်းကောင်း မပီသဘဲ နှိမ့်ချမိတဲ့ အတွက် တောင်းပန်လိုက်တယ်တဲ့။

မောင်လေးနဲ့ ညီမလေးတို့လည်း အားနည်းချက်တွေကြောင့် စိတ်ဓါတ်မကျဘဲ အားနည်းချက်ကနေ အားသာချက်ကို ပြောင်းနိုင်အောင် ကြိုးစားရမယ်။ ဒါမှ ဘယ်သူကမှ ကိုယ့်ကိုယ် အနိုင်ယူလို့မရမှာ။


တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်
---------------------------------------------

(ခင်နှင်းကြည်သာ) Ko Ko Waizayantar

0 comments:

Post a Comment