Monday, June 10, 2013
မြန်မာနိုင်ငံတွင် နှစ်စဉ်ပုံမှန် မိုးစပါးစိုက်ပျိုးသည့် ဇူလိုင်လနှင့် သြဂုတ်လများ တွင်သာ ဈေးတက်လေ့ရှိသော အခြေခံဆန် ကြမ်းစပါးဈေး သည် မေလကုန်မှစ တင်၍ ဈေးနှုန်းမြင့်တက်နေသော်လည်း တောင်သူ လယ်သမားများလက်ဝယ်တွင် စပါးလက်ကျန်မရှိတော့သဖြင့် စပါးဈေးတက်ခြင်း၏ အကျိုးအမြတ်ကို လယ်သမားအများစု ခံစားရခြင်း မရှိကြောင်း မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိ ဒေသခံ လယ်သမားများက
ပြောသည်။
“ဒီအချိန် တောင်သူလက်ထဲမှာ စပါးက မရှိတော့ဘူး။ တောင်သူ တစ်ရာမှ စပါးလက်ကျန်ရှိတာ လေးငါးဦးလောက်ပဲနိုင်တယ်။ စပါးဈေးတက်တဲ့ အချိန်ဆိုရင် တောင်သူလက်ထဲမှာ စပါးမရှိတော့ အကျိုးအမြတ်မရှိဘူး”ဟု ပုသိမ်ကြီးမြို့နယ်၊ ကျွဲရေကုန်ကျေးရွာမှ လယ်သမားဦးကြည်က ပြောသည်။
ယင်းကဲ့သို့ တောင်သူလယ်သမားများ၏ လက်ဝယ်တွင် စပါးမရှိရခြင်း၏ အဓိကအကြောင်းအရင်းမှာ စိုက်ပျိုးစရိတ်အတွက် ပြင်ပမှရယူထားသည့် အတိုးနှုန်းမြင့်ချေးငွေ အတိုးမတက်စေရန် စပါးပေါ်လျှင်ပေါ်ချင်း ရသည့်ဈေးဖြင့် ရောင်းချရခြင်း၊ စိုက်ပျိုးစရိတ်များဖြစ်သည့် ထွန်စက် ငှားရမ်းခ၊ နွားငှားရမ်းခ၊ သူရင်းငှားခနှင့်စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ အတွက် အကြွေးစနစ်ဖြင့် ၀ယ်ယူထားမှုကို ပေးချေနိုင်ရန်စပါးများကို ရသလောက် ဈေးဖြင့် ရောင်းချရခြင်းတို့ကြောင့် ဖြစ်ကြောင်း
တောင်သူများက ပြောသည်။
ယင်းအပြင် နှစ်စဉ်နှစ်တိုင်း နွေစပါး၊ မိုးစပါးစသည့် စပါးပေါ်စ အချိန်တွင်လည်း စပါးကုန်သည်ကြီးအချို့သည် တောင်သူများထံမှ စပါးများကို အနိမ့်ဈေးဖြင့် ပေးဝယ်နေမှု များကိုလည်း တောင်သူများခံစား နေရကြောင်း ပုသိမ်ကြီးမြို့ရှိ လယ်သမားများကပြောသည်။
“နိုင်ငံတော်က အခြေခံစပါးဈေးကို သတ်မှတ်ပေးမယ်လို့ သိရတယ်။ စပါး စပေါ်ချိန်မှာ သတ်မှတ်ပေးရင် ပိုကောင်းမယ်။ အခုဟာက စပါးစပေါ်ပြီဆို တို့လက်ထဲမှာ စပါးရှိတဲ့အချိန် ဈေးမတက်ဘူး။ စက်ပိုင်(စပါးကုန်သည် ပွဲစား)တွေကို ၀ယ်ပြီးပြီဆိုရင် စပါးဈေးကတက်ပြီ။ စက်ပိုင်တွေက စပါးဝယ်ရင်လည်း ဘယ်ဈေးနဲ့ဝယ်မယ်ဆိုတာ အချင်းချင်းညှိဝယ်နေကြ တာ”ဟု ပုသိမ်ကြီးမြို့နယ်မှ တောင်သူဦးမင်းအောင်က ပြောသည်။
လက်ရှိကာလတွင် ယမန်နှစ် မိုးစပါးအကုန်နီးပါး ဈေးကွက်ထဲ သို့ ရောက်ရှိနေသည့်ကာလဖြစ်ြ ပီး နွေစပါးမှာလည်း နေရာဒေသအများစုတွင် စိုက်ပျိုးဆဲကာလဖြစ်ကာ အကြားအလယ်စပါးသီးနှံအဖြစ် ဧရာဝတီမြစ် ကမ်းဘေးတစ်လျှောက် စိုက်ပျိုးလေ့ရှိသည့် မယင်းစပါး တစ်မျိုးတည်းသာ ရိတ်သိမ်းထွက်ရှိလျက်ရှိပြီး အဆိုပါ စပါးစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရနိုင်ကြောင်း သိရသည်။
“မယင်းစပါးကတော့ ပေါ်နေပြီ၊ အဲဒီစပါးမျိုးစိုက်တဲ့ တောင်သူတွေကတော့ အခုချိန်မှာ သီးနှံလက်ထဲရှိတော့ အမြင့်ဈေး ရနိုင်တယ်”ဟု မန္တလေးမြို့၊ အခြေစိုက်ဆန်စပါးကုန်သည်တစ်ဦးကပြောသည်။
အဆိုပါ မယင်းစပါးမျိုးသည် အများအားဖြင့် ဧရာဝတီမြစ်ကမ်းဘေး တစ် လျှောက်တွင် စိုက်ပျိုးလေ့ရှိပြီး တစ်နှစ်လျှင် အဓိကအားဖြင့် တစ်သီးသာ စိုက်ပျိုးနိုင်ကာ မြေနေရာကောင်းမွန်သည့် လယ်ဧက အနည်းငယ်တွင်သာ တစ်နှစ်နှစ်သီး စိုက်ပျိုးနိုင်ကြောင်း မယင်းစပါးစိုက် လယ်သမားများထံမှ သိရသည်။
မေလကုန်တွင် ဆန်ကြမ်းစပါးဈေးမှာ စပါးတင်း ၁၀၀ လျှင် ကျပ် လေးသိန်း ကျော်ဝန်းကျင်ခန့်တွင် ပေါက်ဈေးရှိကြောင်း၊ ပြီးခဲ့သည့် မိုးစပါးစပေါ်ချိန်တွင် စပါးကျပ် သုံးသိန်းမှ ၃၂၀,၀၀၀ ၀န်းကျင်သာရှိခဲ့ကာ တောင်သူလယ်သမား များ၏လက်ဝယ် စပါးရှိချိန်နှင့် စပါးပွဲစား စက်ပိုင်များလက်ထဲ စပါးရှိချိန် ဈေးကွာဟချက်မှာ တင်း ၁၀၀ လျှင် ငွေကျပ် ၇၀,၀၀၀ မှ ၈၀,၀၀၀ ၀န်းကျင်အထိ ဈေးနှုန်းမြင့်တက် ကွာဟလျက်ရှိကြောင်း ပုသိမ်ကြီးမြို့နယ်၊ လယ်သမားများနှင့် စပါးပွဲစားများထံမှ သိရသည်။
- ကျော်သူရမျိုး

0 comments:
Post a Comment