Thursday, June 13, 2013

ဇေယျာနှင့် မှတ်တမ်းဆိုးများကို ချေဖျက်မည်ဟု ဆီဗာဂျီဆို

ကမ္ဘောဇ အသင်း၏ နည်းပြချုပ် ဆီဗာဂျီက ဇေယျာရွှေမြေနှင့် တွေ့ဆုံ တိုင်း ရလဒ်မကောင်းမှုများကို ယခုတစ်ကြိမ်တွင် ချေဖျက်သွား မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဇ သည် ဇေယျာရွှေမြေနှင့် နောက်ဆုံး(၆)ကြိမ် တွေ့ဆုံမှုတွင် တစ်ကြိမ်မျှ အနိုင်မရခဲ့ဘဲ (၄)ကြိမ်ရှုံးကာ (၂)ကြိမ် သရေကျထားသည်။ ကမ္ဘောဇသည့် ဇေယျာရွှေမြေ အိမ်ကွင်း၌ နောက်ဆုံး ကစားခဲ့သည့် (၂)ကြိမ်စလုံး ရှုံးနိမ့်ထားရာ လာမည့် ပွဲစဉ်တွင် ဇေယျာအိမ်ကွင်း၌ ကမ္ဘောဇ နိုင်ပွဲမရနိုင် ဟူသည့် ခန့်မှန်းချက်များကို ချေဖျက်သွားမည် ဖြစ်ကြောင်း ဆီဗာဂျီက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကမ္ဘောဇအသင်းဟာ ဇေယျာရွှေမြေအသင်းကို ဘယ်တော့မှ လှန်နိုင်မှာ မဟုတ်ဘူး။ ဇေယျာရွှေမြေဟာ ကမ္ဘောဇ အသင်းအတွက် ဘယ်တော့မှ အနိုင် မယူနိုင်တဲ့ ပြိုင်ဘက်ပဲလို့ လူတွေပြောနေကြပါတယ်။ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး။ ကျွန်တော်တို့အသင်းဟာ ဒီတစ်ခါတော့ အတိတ်က ရလဒ်ဆိုးတွေကို ချေဖျက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ ဒီရာသီ MNL ဒုတိယ အကျော့အတွက် အကောင်းဆုံးပြင်ဆင်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက MNL ချန်ပီယံဆုနဲ့ MFF ဖလားတွေကို ကျွန်တော်တို့တွေ ဘယ်လို ကပ်လွဲခဲ့တယ်ဆိုတာ ထပ်ပြီးသတိပေးစရာ မလိုတော့ပါဘူး။ အဲဒီ အတွေ့အကြုံက ကျွန်တော်တို့ အသင်းရဲ့ ရင်ထဲမှာ စွဲထင်နေပါတယ်။ ဒါကြောင့်လည်း ပွဲတိုင်းကို အမှားအယွင်း မရှိအောင် အတတ်နိုင်ဆုံး ကြိုးစား သွားမှာပါ”ဟု ကမ္ဘောဇ နည်းပြချုပ် ဆီဗာဂျီက ကမ္ဘောဇ အသင်းပိုင် ၀က်ဘ်ဆိုက် kbzfc.com သို့ ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆီဗာဂျီက မိမိတို့ အနေဖြင့် ဇေယျာရွှေမြေကို အနိုင်ရလောက်သည့် အနေအထားများကို ပိုင်ဆိုင်ခဲ့ပြီးမှ အရှုံးပေးခဲ့ရခြင်းများ ရှိခဲ့သောကြောင့် ယခုတစ်ကြိမ်တွင်မူ အဆိုပါ မှတ်တမ်းဆိုးများကို ချေဖျက်နိုင်ရန် စိတ်အား ထက်သန်နေကြောင်း ထပ်လောင်းဆိုခဲ့သည်။ အမှတ်ပေးဇယားကို ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဦးဆောင်နေသည့် ဇေယျာရွှေမြေနှင့် ကမ္ဘောဇတို့၏ ထိပ်တိုက် တွေ့ဆုံမှုမှာ ယခုတစ်ပတ်တွင်မှ ပြန်လည် စတင်မည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၃)၏ အကောင်းဆုံး ပွဲစဉ် တစ်ပွဲဖြစ်ပြီး ထိုပွဲ၏ အနိုင်အရှုံးမှာ အမှတ်ပေးဇယား ဦးဆောင်သူနေရာကို သက်ရောက်မှု ရှိမည် ဖြစ်သည်။ ဇေယျာရွှေမြေနှင့် ကမ္ဘောဇ တို့၏ ပွဲစဉ်ကို လာမည့် စနေနေ့ ညနေ (၃း၃၀)နာရီတွင် မုံရွာကွင်း၌ ကျင်းပသွားမည် ဖြစ်သည်။

0 comments:

Post a Comment