Friday, 14 June 2013
မန္တလေးမြို့တွင် စည်းကမ်းမဲ့ အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုလာကာ မြို့တွင်းစည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို ကျပ် ၅၀၀၀ ဖြင့် အရေးယူမှုများ ပြုလုပ်လျက် ရှိသော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ဒေသခံများ က ဝေဖန်သုံးသပ် ကြသည်။
မန္တလေး-စစ်ကိုင်း လမ်းမတစ်လျှောက်၊ သိပ္ပံလမ်းတစ်လျှောက်၊ မန္တလေးဈေး ချိုတော် အနီးတစ်ဝိုက်နှင့် မြို့တွင်း အဓိက လမ်းမကြီးများ ဖြစ်သော ၂၆ လမ်း၊ ၃၅ လမ်း၊ ၆၂ လမ်း၊ ၇၃ လမ်း၊ ၇၈ လမ်း တစ်လျှောက် တို့တွင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားပြီး ဖြူနီကြား နေရာများတွင် ရပ်နားခြင်း၊ အချိန်ကြာမြင့်စွာ ကုန်တင်ကုန်ချ ပြုလုပ်ခြင်းတို့ကြောင့် ထိုသို့ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဖြစ်ပွားလာခြင်းဖြစ်သည်။
''လမ်း ၈၀ နဲ့ ၂၆ လမ်းထောင့်က ယာဉ်လုံးဝ မရပ်နားရ နေရာပါ။ အဲဒီနေရာမှာ ယာဉ်ထိန်းတပ်ဖွဲ့ဝင် အမြဲရှိနေပေမယ့် အရောင်းဆိုင်တွေ ကိုလာတဲ့ ဆိုင်ကယ်တွေ၊ ကားတွေက နှစ်ထပ်ရပ်တာတောင် ဖမ်းဆီး အရေးယူမှု မရှိဘူး။ အဲဒီနေရာမှာ အမြဲကားကြပ်တယ်။ ဈေးချိုနဲ့ ဒိုင်းမွန်းစင်တာ အနီးတစ်ဝိုက်က ယာဉ်မရပ်ရတဲ့ နေရာတွေမှာလည်း အချိန်ကြာမြင့်အောင် ရပ်နားထားတဲ့ ယာဉ်တွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတယ်'' ဟု နေ့စဉ်ဆိုင်ကယ်ဖြင့် မြို့တွင်း သွားလာနေရသူ အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။
မြို့တွင်းယာဉ်ရပ်နား၍ မရသော နေရာများတွင် အရောင်းဆိုင်ခန်းများ ချထားပေးခြင်း၊ ကားပါကင်များ ထည့်သွင်းဆောက်လုပ်ခြင်း မပြုခြင်းတို့ကြောင့် ယင်းအရောင်းဆိုင်များသို့ လာသောကားများ၊ ဆိုင်ကယ်များ လမ်းဘေး၌ အချိန်ကြာမြင့်စွာ ရပ်နားခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း သုံးသပ်ပြောကြားသည်။
''စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးရမှာကတော့ ကျွန်တော်တို့ တာဝန်ပါ။ ဒါပေမယ့် အထက်က တာဝန်ရှိသူတွေက ဆိုင်ခန်းဖွင့်ဖို့ တင်တဲ့အခါမှာ နေရာကို ကြည့်ပြီး ခွင့်ပြုပေးရမှာ။ အခုတော့ ကျွန်တော်တို့ ဖမ်းတဲ့သူတွေ ကိုပဲ ပြည်သူက မုန်းကြတယ်'' ဟု စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ကျောင်းဖွင့်ရာသီ ဖြစ်သောကြောင့် ကျောင်းပို့ကျောင်းကြို ကားများဖြင့် လမ်းမများပေါ်တွင် ပိုမိုများပြားလာသည့်အတွက် ယာဉ်တိုက်မှု အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများက သုံးသပ်ပါသည်။
မန္တလေးမြို့တွင် လူစီးယာဉ် ၄၂၂၅၅ စီး၊ ကုန်တင်ယာဉ်ဝန်ပေါ့ ၃၈၀၀ စီး၊ ကုန်တင်ယာဉ်ဝန်လေး ၆၉၃၀ စီး၊ အခြားယာဉ် ၅၉၉ စီး၊ ထော်လာဂျီ ၆၁၃၉ စီး၊ စက်ယန္တရား ၃၂ စီးရှိကြောင်း သိရသည်။
eleven media group

0 comments:
Post a Comment