Wednesday, May 15, 2013

အိန္ဒိယနိုင်ငံထုတ် Nano ကားများ ကျပ် ၉၉ သိန်းဖြင့် ရောင်းချမည်

မေလ ၁၄ ရက် ၂၀၁၃

အိန္ဒိယနိုင်ငံ Ta Ta ကုမ္ပဏီမှထုတ်လုပ်သော Nano ကားများကို အခွန်အခ အပြီးအစီး ကျပ် ၉၉ သိန်းဖြင့် လာမည့်ဦတင်းပတ်တွင် စတင်ရောင်းချသွားမည်ဟု ကား တင်သွင်းသည့် APEX Greatest Industrial ကုမ္ပဏီမှ ဒါရိုက်တာ ဦးထူးအောင်လင်း က မဇ္ဈိမကို ပြောသည်။

“နာနိုကားတွေကို နောက်အပတ်လောက်ဆို စရောင်းမှာပါ။ ဒါပေမယ့် ကြိုတင်ပြီးမှာ ရမှာပါ။ မှာပြီး တလခွဲ၊ နှစ်လလောက်တော့ စောင့်ရမယ်။ အခုရောက်နေတဲ့ နာနိုကားတွေက ဝယ်ချင်သူတွေ လေ့လာလို့ ရအောင် ထားတာပါ။ အနည်းဆုံး နှစ်နှစ် အာမခံနဲ့ ရောင်းချသွားမှာပါ။ ရောင်းတဲ့နေရာမှာ အမည်ပေါက် နံပါတ်ရသည်အထိ ဝန်ဆောင်မှု ပေးသွားမှာပါ” ဟု ဆိုသည်။

ကားအပို ပစ္စည်းများကို တပါတည်း တင်သွင်း ရောင်းချသွားမည့် နာနိုကားများမှာ မော်ဒယ် 2013၊ အင်ဂျင် ပါဝါ ၆၂၅ စီစီ နှစ်လုံးထိုး ကားများ ဖြစ်ကာ ဆီ တဂါလံလျှင် ကီလိုမီတာ ၁၀၀ မှ ၁၂၀ အထိ မောင်းနှင်နိုင် သည်ဟု ဆိုသည်။

နာနို ကားများအပြင် တာတာ လိုက်ထရပ် ၁ တန် ကားများကိုလည်း ကျပ်သိန်း ၁၁၀ ၊ VISTA ကားများကို ကျပ်သိန်း ၁၇၀ ဖြင့် ရောင်းချသွားမည်ဟု ဦးထူးအောင်လင်း က ပြောသည်။

မင်းရဲကျောင်စွာ ကားဝယ်ရောင်း စခန်းမှ ဝါရင့် ကားဝယ်ရောင်း ဦးကျော်နိုင် ကမူ “အိန္ဒိယထုတ် နာနိုကား တွေက ၉၉ သိန်းဆိုတော့ ကျနော့်အမြင် ပြောရရင် ဈေးများတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုဆိုရင် တိုယိုတာ ပရိုဗောက်စ် ၂၀၀၇ မော်ဒယ်ကား တစီးမှ ကျပ် ၁၀၅ သိန်းလောက်ပဲ ရှိတာ။ အင်ဂျင်နဲ့ အကြမ်းခံ တာကို ကြည့်မယ်ဆိုရင် အိန္ဒိယကားထက် ဂျပန်ကားက သာတယ်။ ဒါပေမယ့်လည်း ပရိတ်သတ်ရဲ့
ရွေးချယ်မှုပါပဲ။ ပရိတ်သတ် လက်ခံရင်တော့ ရောင်းလို့ ကောင်းမှာပေါ့” ဟု ဆိုသည်။

ဓာတ်ဆီ အင်ဂျင်ဖြစ်သော နာနို ကားများကို အငှားယဉ်အဖြစ် အသုံးပြုရန် အတွက် အစီး ၇၀ ကျော် ရောင်းချထားပြီးဖြစ်သည်။ ကားတွင် အဲကွန်း၊ ပါဝါဝင်းဒိုး၊ ကွန်ပျူတာ ဗောက်စ်များ ပါဝင်ပြီး မန်နျူရယ် ဂီယာ ၄ ချက်ရှိကာ အမြန်နှုန်း တနာရီလျှင် ကီလိုမီတာ ၁၀၀ အထိ မောင်းနှင်နိုင်သည်။

နာနို ကားများကို လပေးစနစ်၊ အကြွေးစနစ်တို့ဖြင့် ဝယ်ယူရရှိနိုင်ဦးမည် မဟုတ်ဘဲ ရန်ကုန်တွင် အရောင်းပြခန်း နှစ်ခုထားရှိကာ တရက်လျှင် လူဦးရေ ၃၀ ဝန်းကျင် လာရောက် လေ့လာလျက် ရှိကြောင်း ဦးထူးအောင်လင်း က ပြောဆိုသည်။

0 comments:

Post a Comment