တောင်ကိုရီးယားအခြေစိုက် KIA ကားကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်းကို မေ ၁၉ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ် (၂၂-ဘီ၊ ၂၃-အေ) (Micasa Hotel Apartments) အနီးတွင် ဖွင့်လှစ်ခဲ့သည်။ KIA ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင်ကိုယ်စားလှယ်အဖြစ် Super Seven Star Co., Ltd (SSS) သည် ၂၀၁၂ ခုနှစ် စက်တင်ဘာက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယခုပထမဦးဆုံး ကားအရောင်းပြခန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ "ကားအသစ်တွေချည်းပဲ ရောင်းချမှာပါ။ Saloon, SUVs နဲ့ Truck ကားတွေ ရောင်းမှာပါ။ အဲဒီအရောင်းပြခန်းမှာ KIA ရဲ့ ကမ္ဘာ့အဆင့် စံနှုန်းအတိုင်း ဝန်ဆောင်မှု ပေးသွားမှာပါ" ဟု Super Seven Star Motors Industry Co.,Ltd ဒါရိုက်တာ ဦးကျော်သူရက ပြောကြားသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံထုတ် မော်တော်ယာဉ်များသည် ဈေးကွက်ဝေစု အနည်းအကျဉ်းသာ ရရှိထားသော်လည်း KIA ထုတ် SUVs ကားများကို မြန်မာပြည်သူများ စိတ်ဝင်စားမှု များပြားနေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
လက်ရှိ SSS မှ တင်သွင်းရောင်းချလျက်ရှိသော KIA ကားအမျိုးအစားအချို့မှာ Cerato, Quoris, Optima, Picanto, Rio, Sorento, Sportage, Mohave, Soul နှင့် K 2700 စသည့် မော်တော်ယာဉ်များ ဖြစ်သည်။ SSS သည် မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းများ၊ တင်သွင်းမှု လုပ်ငန်းများကို ၁၉၉၃ ခုနှစ်ကတည်းက လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒဂုံအရှေ့ပိုင်း စက်မှုဇုန်တွင်လည်း နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်ထုတ်လုပ်တပ်ဆင်မှု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။ SSS ကားအရောင်းပြခန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြည်၊ မိတ္တီလာ၊ လားရှိုးမြို့များတွင် ဖွင့်လှစ်ထားပြီး SSS မှ ထုတ်လုပ်သော ကားများနှင့် KIA, Hyundai, Foton, King Long ကားများ တင်သွင်းရောင်းချလျက် ရှိသည်။ KIA ဝန်ဆောင်မှုနှင့် အပိုပစ္စည်း ရောင်းချမှုစင်တာကို SSS ၏ ဝန်ဆောင်မှုစင်တာတွင် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုစင်တာမှာ တောင်ဥက္ကလာပမြို့နယ် ရတနာလမ်း (ကျိုက္ကဆံအနီး) တွင် တည်ရှိကြောင်း သိရသည်။ KIA သည် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့ကားအရောင်းရဆုံး စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်သည်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တွင် KIA ကားများကို ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၂၀၁၂ ခုနှစ်အတွင်း ယာဉ်စီးရေ ၁ ဒဿမ ၆ သန်းကျော် ရောင်းချခဲ့ရသည်။ KIA ကားကုမ္ပဏီကို ၁၉၄၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဆိုးလ်မြို့တွင် အခြေစိုက်ထားသည်။ KIA ကုမ္ပဏီ၏ အစုရှယ်ယာ ၃၃ ဒဿမ ၉၉ ရာခိုင်နှုန်းကို တောင်ကိုရီးယား အခြေစိုက် ကမ္ဘာ့စတုတ္တအကြီးဆုံး ကားကုမ္ပဏီဖြစ်သည့် Hyundai က ပိုင်ဆိုင်ထားပြီး ၂၀၁၂ ခုနှစ်အတွင်း ဝင်ငွေအမေရိကန် ဒေါ်လာ ၄၂ ဒသမ ၄၅ ဘီလျံ ရရှိခဲ့သည်။

0 comments:
Post a Comment