Tuesday, May 07 ,2013
အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများနှင့် ပြဿနာများကို စုံစမ်းစစ်ဆေးမည့် ကော်မတီတစ်ရပ်ကို လာမည့် ပြည်ထောင်စုလွှတ်တော် တွင် စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်၏ ပြောကြားချက်အရ သိရသည်။
ယင်းသို့ ဖွဲ့စည်းရေးအတွက်ကို ယခုအခါ လွှတ်တော်တွင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ ပညာရှင်များနှင့် ကော်မတီဖွဲ့စည်းရေးအတွက်ကို ညှိနှိုင်း တွေ့ဆုံမှုများ ပြုလုပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ဒီကော်မတီကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးမှာ ဖြစ်တယ်။ အဲဒီအဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ ပြဿနာတွေကို ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုလွှတ်တော်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စစ်ဆေးတွေ့ရှိချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်”ဟု ၎င်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။
လက်ရှိတွင် အလုပ်ရှင် အလုပ်သမားများကြား ဥပဒေအချက်လက်များနှင့် မူဝါဒများကို ပြဋ္ဌာန်းပြီးဖြစ်သည့်တိုင် ယင်းအချက်လက်များကို သက်ဆိုင်ရာဌာနများက လက်တွေ့ကျင့်သုံးမှု ပြုလုပ်ရာတွင် ယနေ့အချိန်ထိ့ အားနည်းချက်များရှိနေသေးသလို လိုအပ်ချက်များလည်း ရှိနေသေးကြောင်း အလုပ်သမားရေးရာများကို လိုက်လံဆောင်ရွက်ပေးနေသည့် ဥပဒေပညာရှင်တစ်ဦးက ပြောကြားသည်။
“ အလုပ်သမားတွေရဲ့ အခက်အခဲက အခုပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေထဲက အခွင့်ရေးတွေကိုတောင် မရကြဘူး။ ဒါကလည်း အဲဒီဥပဒေ တွေ နည်းဥပဒေတွေကို အလုပ်ရှင်တွေဘက်က မလိုက်နာတဲ့ အတွက်ကြောင့်ဖြစ်သလို သက်ဆိုင်ရာဝန်ကြီးဌာနပိုင်းတွေရဲ့ အဂတိ လိုက် စားမှုတွေကြောင့်လည်း ဖြစ်တယ်”ဟု အထက်ပါပုဂ္ဂိုလ်က သုံးသပ်ပြောကြားသည်။
ယင်းသို့သော အခြေနေများကြောင့် အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် ပြဿနာများကို စုံစမ်းဖော်ထုတ်ပေးရန် မကြာမီဖွဲ့စည်းမည့် ပြည် ထောင်စု ကော်မတီတစ်ရပ် ပေါ်ပေါက်လာပါက ယခင်ရှိနှင့်ပြီး အလုပ်သမားများ၏ အခက်ခဲများနှင့် အလုပ်ရှင်အလုပ်သမားကြား ပြဿနာ များကို ကိုင်တွယ်ဖြေရှင်းရာတွင် နှောင့်နှေးကြန့်ကြာမှုများမရှိနိုင်တော့ပဲ ယခင်ထက် ပိုမိုအဆင်ပပြေ လာမည်ဖြစ်ကြောင်း အလုပ်သမား ရေးရာများကို လိုက်လံဆောင်ရွက်နေသူ ဦးဌေးက မြန်မာ့ခေတ်သို့ ပြောကြားသည်။
ယခုအချိန်တွင် အလုပ်ရှင် အလုပ်သမားကြား ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် စက်ရုံအဆင့်ဖြေရှင်းမှု၊ မြို့နယ်အဆင့် ဖြေရှင်းမှု၊ တိုင်းအဆင့် ဖြေရှင်းမှုနှင့် ပြည်ထောင်စုအဆင့် ဖြေရှင်းမှုဟူ၍ အဆင့်လေးဆင့် ခွဲခြားသတ်မှတ်ကာ သက်ဆိုင်ရာပိုင်းက ဖြေရှင်းဆောင်ရွက် မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကြီး

0 comments:
Post a Comment