Friday, May 17, 2013

ပြည်ပ၀ယ်လိုအားကြောင့် အမြင်ဈေးရောက်ရှိလာသည့် မတ်ပဲ

ပြည်ပ (Export) ၀ယ်လိုအားမြင့်တက်လာခြင်းနှင့် နိုင်ငံခြားငွေလွဲဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ပြည်တွင်း မတ်ပဲဈေးကွက်တွင်း အမြင့်ဈေးများဖြင့် အရောင်းအ၀ယ်ဖြစ်ပေါ်လျက်ရှိကြောင်း ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် များထံက သိရှိရသည်။

“ငွေဈေးလည်း ပြန်တက်လာတယ်။ ပြည်ပ သင်္ဘောတင်ပို့မှု့(FOB) က ဒီရက်ပိုင်းအတွင်း အ၀င်များလာတယ်။ ဒီနှစ်ဈေးက မနှစ်က ဈေးထက်လည်း မြင့်တယ်။ ” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း အထွေထွေ အတွင်းရေးမှုး ဦးမင်းကိုကိုက ပြောသည်။

နိုင်ငံခြားငွေလဲဈေးနှုန်းမှာ မေလ (၁၀)ရက်နေ့တွင် ကန်တစ်ဒေါ်လာလျှင် ၈၉၈ ကျပ်၊ စင်္ကပူတစ်ဒေါ်လာလျှင် ၇၂၄ ကျပ်၊ တစ်ယူရိုလျှင် ၁၁၆၆ ကျပ် ပေါက်ဈေးရှိခဲ့ပြီး မေလ (၁၅) ရက်နေ့တွင် ငွေလဲဈေးအသီးသီးမြင့်တက် ခဲ့ကာ ငွေကြေးပေါ်မှုတည်၍ ကျပ် ၂၀ ၀န်းကျင် အပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသည်။

ပြည်တွင်းပဲဈေးကွက်၌ မေလ ပထမပတ်တွင်း ဈေးကွက်ဈေးနှုန်းများကျဆင်းခဲ့ခြင်းနှင့် အရောင်းအ၀ယ် ကျဆင်းမှုများဖြစ်ပေါ်ခဲ့ပြီး ပြည်ပ၀ယ်လိုအားကျဆင်းမှုများ ကြုံတွေ့ခဲ့ရကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိ(မေလ ဒုတိယပတ်) ပြည်ပ (Export) တင်ပို့မှု ပဲဈေးကွက်တွင်းဖြစ်ပေါ်လျက်ရှိသော မတ်ပဲ ဈေးနှုန်းမှာ ယခင် (မေလ ပထမပတ်) ဈေးနှုန်းများထက် တစ်တန်လျှင် ကျပ် လေးသောင်းနှုန်းခန့် ဈေးနှုန်းမြင့်တက် လာခဲ့ကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ တစ်ပတ်တုန်းက မတ်ပဲ တစ်တန်ကို ငါးသိန်းသုံးသောင်းခွဲလောက် ဈေးရတယ်။ အတက်အကျတော့ ရှိတယ်။ ဒီရက်ပိုင်းမှာ ငါးသိန်းခြောက်သောင်း ငါးသိန်းခုနှစ်သောင်းလောက်ဈေးရလာတယ်။ ဒီနှစ်ရာသီက မတ်ပဲလည်း အထွက်နည်းတော့ လှောင်လက်တွေလောက်ပဲ ဈေးကောင်းမိတယ်"ဟု ဘုရင့်နောင်ပွဲရုံရှိ ပဲရောင်း ၀ယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်ပ (Export)ဈေးကွက်သို့ မတ်ပဲတင်ပို့ရောင်းချရာတွင် တစ်လလျှင် ပျမ်းမျှ တန်ချိန် လေးထောင်ခန့်ရှိပြီး အိန္ဒိယ ဈေးကွက်သို့ တင်ပို့မှု ၇၀ ရာခိုင်နှုန်းခန့်ရှိကာ ၃၀ ရာခိုင်းနှုန်းခန့်ကို အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစတန်၊ ဒူဘိုင်း နှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နေရကြောင်းမြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက သိရှိရသည်။

ပြည်တွင်း နယ်ဈေးကွက်များတွင် မတ်ပဲ (၃၀)ပိသာဝင်တစ်အိတ်လျှင် ၁၇၇၀၀ (တစ်သောင်း ခုနှစ်ထောင် ခုနှစ်ရာ)ကျပ် ပေါက်ဈေးရှိပြီး ၂၀၁၂ ခုနှစ် မတ်ပဲရာသီချိန်အဆုံးတွင် (၃၀)ပိသာဝင်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ (နှစ်သောင်း)၀န်းကျင် ပေါက်ဈေးရှိခဲ့ကြောင်း သိရှိရသည်။



0 comments:

Post a Comment